Asia
တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး အီရန်နိုင်ငံသို့အလည်အပတ် ရောက်ရှိလာ
တီဟီရန် ၊ မေ ၂ ရက် (ဆင်ဟွာ)
နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေး နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးရန် တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး (Park Geun-hye) သည် အီရန်နိုင်ငံ တီဟီရန်မြို့သို့ မေလ ၁ ရက်တွင် အလည်အပတ် ခရီးစဉ် ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ သုံးရက်တာ ခရီးစဉ်အတွင်း ကိုးရီးယားသမ္မတ ပတ်ဂွမ်ဟေးသည် အီရန်သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) အပါအဝင် အခြား အီရန် အကြီးတန်း အရာရှိများနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ၊ ဒေသတွင်း နှင့် နိုင်ငံတကာ အရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ဆိုသည်။
တီဟီရန်နှင့် ဆိုလ်း တို့သည် စွမ်းအင် နှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်မည့် နားလည်မှု စာချွန်လွှာ (MOU) စာချုပ်များကို လက်မှတ် ရေးထိုးသွားရန် ရှိနေသည်။
အီရန်နိုင်ငံမှ ကိုးရီးယား နိုင်ငံသို့ရေနံတင်ပို့မှုသည် ၂ဝ၁၅ ခုနှစ်ကုန်ပိုင်းတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ဝဝ,ဝဝဝ စည် ရှိခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် ရေနံစည်ပေါင်း ၄ဝဝ,ဝဝဝ စည် ထိ တိုးတက်လာခဲ့ကြောင်း ၊ အီရန်နိုင်ငံ၏ ရေနံ တင်ပို့မှုအပေါ် အနောက်နိုင်ငံများက ဒဏ်ခတ် ပိတ်ဆို့ထားခြင်းများကို ယခုနှစ် အစောပိုင်းတွင် ဖယ်ရှားပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း အီရန်နိုင်ငံ ရေနံဝန်ကြီး Bijan Namdar Zangeneh ၏ ပြောကြားချက်ကို ကိုးကားပြီး ရေနံ စွမ်းအင် သတင်းအချက် အလက်ဖလှယ်ရေး ကွန်ယက် (SHANA) က သတင်း ဖော်ပြခဲ့သည်။
လက်ရှိတွင် တောင်ကိုးရီးယား နိုင်ငံမှ အီရန် နိုင်ငံသို့ငွေလွှဲရန် အခက်အခဲများစွာ ကြုံတွေ့နေရဆဲ ဖြစ်သည်။ သို့သော် နှစ်နိုင်ငံ အစိုးရသည် ၎င်းပြဿနာကို အဖြေရှာနိုင်ရန် အတွက် ပူးပေါင်း ဆောင်ရွက်နေကြောင်း တောင်ကိုးရီးယား မြေယာ ၊ အခြေခံ အဆောက်အအုံ နှင့် ပို့ဆောင်ရေး ဝန်ကြီး Kang Ho-in ၏ အီရန်နိုင်ငံ အလည်အပတ် ခရီးစဉ် ဆွေးနွေးပွဲအပြီးတွင် Zangeneh က ပြောကြားခဲ့သည်။ Press TV အဆိုအရ ပတ်ဂွမ်ဟီး၏ ခရီးစဉ်အတွင်း အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံ တန်ဖိုးရှိ သဘောတူညီမှု စာချုပ်များ ချုပ်ဆိုနိုင်ရန် နှစ်နိုင်ငံစလုံးက မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)