Asia
အိန္ဒိယတွင် အသက် ၇၀ ကျော်အရွယ် မိခင်မှ ပထမဆုံး သားလေး မွေးဖွား
အမ်ရစ်ဆာ၊ မေ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့တွင် နေထိုင်သည့် အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်နှင့် အသက် ၇၀ နှစ်ကျော်အရွယ်ရှိ ဒယ်လ်ဂျင်ဒါခိုရ်တို့သည် ၎င်းတို့ တောင့်တခဲ့သည့် ကိုယ်ပိုင်ရင်သွေးအား ပြီးခဲ့ သည့်လကမှ ရရှိခဲ့သလို တစ်လသားအရွယ် သားဦးလေးအား ချီပိုးထားသည့် မိသားစုဓာတ်ပုံမှာလည်း သတင်း မီဒီယာ စာမျက်နှာများပေါ်၌ ရေပန်းစားလာခဲ့သည်။
ထိုဇနီးမောင်နှံမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖန်ပြွန် သန္ဓေနည်း (IVF) ဖြင့် ကလေးရယူရန် ကြိုးစားခဲ့ပြီးနောက် လွန်ခဲ့သည့်လကမှ အာမန် (Arman) အမည်ပေးထားသော ပထမဆုံးသားဦးအား နိုင်ငံမြောက်ပိုင်းရှိ Haryana ပြည်နယ်ရှိ Fertility ဆေးခန်းတစ်ခု၌ မွေးဖွားခဲ့သည်။
ကိုယ်ဝန်ရလာချိန်တွင် ဆေးခန်းရှိ ဆရာဝန်မှ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ခိုရ်သည် ကိုယ်ဝန် ဆောင်ကာ ကလေးမွေးဖွားရန် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ထောက်ခံပေးခဲ့သည်။
ခိုရ်က ၎င်း၏ အသက်အား ၇၀ နှစ်ခန့်ဟု ပြောကြားထားသော်လည်း ဆေးခန်း၏ ထုတ်ပြန်ချက်တွင်မူ ၇၂ နှစ်ဟု ဖော်ပြထားသည်။ အိန္ဒိယ ကျေးလက် ဒေသများတွင် လူအများအပြားမှာ မွေးစာရင်းများ မရှိကြပေ။
“ကျွန်တော်တို့ သေဆုံးသွားခဲ့ရင် ကလေးက ဘယ်လိုဖြစ်သွားမလဲလို့ လူအများက ပြောကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ဘုရားကို ယုံကြည်ပါတယ်၊ ဘုရားက အရာရာတတ်စွမ်းနိုင်တဲ့ အနန ္တ တန်ခိုးရှင်တစ်ပါးဆို တော့ အရာရာကို စောင့်ရှောက်ပေးပါလိမ့်မယ်” ဟု ဖခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်က ပြောသည်။
အိန္ဒိယနိုင်ငံ၌ ထိုကဲ့သို့ အသက်အရွယ်ကြီးရင့်မှ ကလေးရခြင်းမှာ ယခုအကြိမ်က ပထမဆုံး မဟုတ်ချေ။ ၂၀၀၈ ခုနှစ်တွင် အက်တာ ပရာဒက်ရှ်ပြည်နယ်မှ အသက် ၇၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးကလည်း ဖန်ပြွန် သန္ဓေနည်းဖြင့် ကလေး အမွှာပူး မွေးဖွားခဲ့ဖူးကြောင်း သိရသည်။ (Xinhua)