Connect with us

Politics, Law & Military

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအောက်တွင် အစိုးရ အဖွဲ့အစည်း တစ်ရပ် အနေဖြင့် MPC အား ပြောင်းလဲ ဖွဲ့စည်းမည်

အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးနှင့် နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

မြန်မာ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) အား အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရာတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအောက်တွင် အစိုးရ အဖွဲ့အစည်း တစ်ရပ် အနေဖြင့် ထားရှိသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့မေလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ရုံးချုပ်ကို နေပြည်တော်တွင် တည်ထောင် ဖွဲ့စည်းမည် ဖြစ်ပြီး လက်ရှိ ရန်ကုန် MPC ရုံးကို NRPC ၏ ရန်ကုန်ရုံးခွဲ အဖြစ် ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်ကြောင်း ၊ NRPC ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှု လုပ်ငန်းစဉ်များကို ဦးကျော်တင့်ဆွေက ဦးဆောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အစိုးရဌာနအဖွဲ့ အစည်းတစ်ရပ် ဖြစ်လာမည် ဖြစ်၍ ဘတ်ဂျက်သုံးစွဲမှု စည်းမျဉ်း စည်းကမ်း၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးနှင့် နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)
နိုင်ငံတော်သမ္မတ အိမ်တော်၌ ယနေ့ကျင်းပပြုလုပ်သော အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေးနှင့် နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ နှစ်ဆယ့်တစ်ရာစု ပင်လုံ ညီလာခံ အကြို ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ကြရန် ယခု သီတင်းပတ် အတွင်း ညီလာခံ ကျင်းပနိုင်ရေး အကြို ပြင်ဆင်ရေး ကော်မတီနှင့် NCA လက်မှတ် ရေးထိုးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ လက်မှတ် ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းရေး ဆပ်ကော်မတီများကို ဖွဲ့စည်းပြီး မိမိတို့၏ လုပ်ငန်း တာဝန်များကို အရှိန်မြှင့်တင် လုပ်ကိုင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေး တစ်ရပ်ကို လာမည့် သီတင်းပတ်အတွင်း နေပြည်တော်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.