Politics, Law & Military
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု သင်တန်း UN Peacekeeping Training Course ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
မြန်မာ့ တပ်မတော်နှင့် အိန္ဒိယ တပ်မတော်တို့အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ် အနေဖြင့် ဆောင်ရွက်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု သင်တန်း UN Peacekeeping Training Course ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု သင်တန်း UN Peacekeeping Training Course ကို မြန်မာ့ တပ်မတော်မှ အရာရှိများအား ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဘာသာရပ်များကို လေ့လာ သင်ယူနိုင်စေရန်၊ သင်တန်း နည်းပြများ၊ သင်တန်းသား အရာရှိများ အချင်းချင်း အပြန်အလှန် တွေ့ဆုံ ဖလှယ် ဆွေးနွေးရန်နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်စေရန် ရည်ရွယ်ပြီး ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်၍ မြန်မာ့ တပ်မတော်မှ သင်တန်းသား အရာရှိ ၂၅ ဦးအား ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်း အမျိုးအစားများ၊ သမိုင်းကြောင်းနှင့် ၎င်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာမှုများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန်များ၊ စာချုပ်စာတမ်း ဆိုင်ရာများ၊ ယဉ်ကျေးမှုဆိုင်ရာ ထိလွယ် ရှလွယ်သော ပြဿနာရပ်များ၊ မီဒီယာ ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပြည်သူ လူထုနှင့် ဆက်ဆံရေး လုပ်ငန်းများ၊ လိုက်နာရမည့် အထွေထွေ စည်းမျဉ်း စည်းကမ်းများ၊ အရပ်သားများ ကာကွယ် စောင့်ရှောက်ခြင်း၊ ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်ခြင်းစသည့် သင်ခန်းစာ ဘာသာရပ်များနှင့် ယာဉ်တန်း လုံခြုံရေး ဆောင်ရွက်ခြင်း၊ တိုက်ပွဲဝင် အသင့် တပ်ဖြန့်ခြင်းတို့အား စာတွေ့ လက်တွေ့များကို အိန္ဒိယ တပ်မတော်မှ နည်းပြ အရာရှိများက ပို့ချ ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်သည်။ (Xinhua)