Connect with us

Politics, Law & Military

ရဲတပ်ဖွဲ့ လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်ရေး UNODC ကူညီမည်

မြန်မာနိုင်ငံ ရဲတပ်ဖွဲဝင်များမှ ရက် ၁၀၀ စီမံကိန်း လှုပ်ရှားမှုများ အတွက် လက်ကမ်း စာစောင်များ ဝေနေစဉ် (ဓာတ်ပုံ- လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့)

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လေ့ကျင့် သင်ကြားရေး ကဏ္ဍဆိုင်ရာ သင်ရိုးညွှန်းတမ်းများအား အဆင့်မြှင့်တင် နိုင်ရေးအတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) က ယခုလကုန် (မေလ ၃၀ ရက်) မှ စပြီး ကူညီသွားမည်ဟု အဆိုပါအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Mr. Jeremy Doculas က ပြောကြားသည်။

နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင် မေလ ၁၆ ရက်၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လေ့ကျင့် သင်ကြားရေး စနစ် သုံးသပ်ခြင်းနှင့် တိုးတက်မှု ဆိုင်ရာ အကြံပြုချက် အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လက်ရှိ သင်ရိုးများနှင့် ပတ်သက်ပြီး
“ရဲတပ်ဖွဲ့ဝင် တွေကို လက်နက်ကိုင် လေ့ကျင့်တာတွေ လျှော့ပြီးတော့ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေ သင်ကြားပေးဖို့ လိုအပ်တယ်” ဟုလည်း ဖြည့်စွက် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများအတွက် နေ့စဉ် ပေးရမည့် ဝန်ဆောင်မှုများ၊ သင်တန်းဆိုင်ရာ ခေါင်းဆောင်မှု အရည်အသွေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး၊ အဂတိလိုက်စားမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသည့် အကြောင်းအရာများနှင့် သက်ဆိုင်သည့် သင်ရိုးညွှန်းတမ်းများကိုပါ ထည့်သွင်းဖို့ လိုအပ်ကြောင်း Mr. Jeremy Doculas က ပြောသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ၏ Country Manager, Mr. Troels Vester က “သင်ရိုးညွှန်းတမ်းတွေ ပြုပြင် ရေးဆွဲဖို့ဆိုတာ မြန်မာနိုင်ငံမှာ ကျွမ်းကျင်မှုမရှိပါဘူး။ အခြားနိုင်ငံက ကျွမ်းကျင်သူတွေ လာပြီးတော့ သင်ရိုးညွှန်းတမ်းကို ပြန်လည်ပြင်ဆင် အဆင့်မြှင့်တင်ဖို့ ရေးဆွဲဖို့ လိုပါတယ်။ UNODC က ကူညီမယ့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လေ့ကျင့်ပြု ပြင်ပြောင်းလဲရေး အစီအစဉ်တွေကို လုပ်ငန်းစဉ် ၆ ခုနဲ့ နှစ် ၃၀ စီမံ ဆောင်ရွက်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။ ဥပဒေပိုင်းဆိုင်ရာ၊ မူဘောင်နဲ့ မူဝါဒ မဟာဗျူဟာ ပြုပြင်ပြောင်းလဲမှု၊ ကြီးကြပ် အကောင်အထည် ဖော်မှု၊ တပ်ဖွဲ့ရဲ့ အမည်ကို ပြည်သူ့ ဝန်ဆောင်မှုဆန်တဲ့ အမည်ပြောင်းလဲရေး၊ လေ့ကျင့်သင်ကြားရေး၊ လူသစ်စုဆောင်းမှု၊ အရင်းအမြစ်များ စီမံခန့်ခွဲမှု စတာတွေနဲ့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမယ်” ဟု UNODC ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်များ၏ ပထမ ငါးနှစ်တာ စီမံကိန်းတွင် လေ့ကျင့်ရေး ဆိုင်ရာ အဆင့်မြှင့်တင်မှု အစီအမံ တစ်ခု ဖြစ်သည့် စုံစမ်းစစ်ဆေးရေး အရာရှိများအတွက် သင်ရိုးညွှန်းတမ်း အသစ် ရေးဆွဲခြင်းနှင့် စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလ မကုန်မီ အပြီးသတ်ဖို့ မျှော်မှန်းထားကြောင်း Country Manager Mr. Troels Vester က ပြောသည် “ပထမ အချက်အနေနဲ့ ဘယ်လို သင်ခန်းစာတွေ သင်မလဲ၊ ဘယ်သင်ခန်းစာတွေ လျှော့မလဲ၊ ဘာတွေပြင်မလဲ ဆိုတာ က စတင်မယ်၊ ပြီးရင် ကျောင်းမှာ ရှိတဲ့ လူသစ် စုဆောင်းတဲ့ စနစ်တွေနဲ့ နည်းပြတွေ ခန့်အပ် ရွေးချယ်မှု၊ အဲဒီနည်းပြတွေရဲ့ သင်ကြားမှု စွမ်းရည် မြှင့်တင်မှု၊ သင်ထောက်ကူ ပစ္စည်းတွေ မြှင့်တင်မှု စတဲ့ အဆင့်များနဲ့ အကောင် အထည်ဖော်မယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ဒုတိယ ဌာနကြီးမှူး ရဲမှူးကြီးအောင်ဌေးမြင့်က မီဒီယာကို ဖြေကြားခဲ့သည်။
အဆိုပါ စီမံကိန်း ပထမငါးနှစ်အတွက် UNODC က အနည်းဆုံး ဒေါ်လာ ၁၂ သန်း ထောက်ပံ့ သွားရန် အကြမ်းဖျဉ်း လျာထားကြောင်းလည်း ရဲမှူးကြီးက ဖြည့်စွက်ပြောသည်။ ယခု အစီအစဉ်သည် မြန်မာ တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ လေ့ကျင့်ရေး သင်တန်းကျောင်း ခုနစ်ခုစလုံးနှင့် အကျုံးဝင်ပါကြောင်းလည်း ရဲမှူးကြီးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.