Latin America
ရာဇဝတ်ဂိုဏ်းအတွင်းဝင်ရောက်ရန် ငြင်းဆန်သည့် ဘရာဇီးအကျဉ်းသားများ အသတ်ခံရ
ဘရာဇီးလား၊ ဇန်နဝါရီ ၁၀ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ မြောက်ပိုင်း ရိုရိုင်မာပြည်နယ် တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က ရာဇဝတ်ဂိုဏ်းတစ်ခုအတွင်းသို့ ဝင်ရောက်ရန် ငြင်းဆန်ခဲ့သည့် အကျဉ်းသား ၃၃ဦး အသတ်ခံခဲ့ရကြောင်း ပြည်နယ်တာဝန်ရှိသူများက ဇန်နဝါရီ ၉ရက်တွင် ပြောကြားခဲ့သည်။
ရိုရိုင်မာပြည်နယ်မြို့တော် ဘိုအာ ဗစ်စတာမြို့အနီး ရှိ အဂရီကိုလာ ဒီ မွန်တီ ကက်စထရို အကျဉ်းထောင် မှ အကျဉ်းသားများသည် ဘရာဇီးနိုင်ငံတွင် အင်အားအကြီးဆုံး ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သော ဆာပေါ်လို မြို့အခြေစိုက် Primer Comando de la Capital (ခေါ်) First Command of the Capital (PCC) အဖွဲ့ ၏ အတင်းအကျပ်လူစုဆောင်းခြင်းကို ခံခဲ့ရကြောင်း တရားဝင် စစ်ဆေးချက်တစ်ခုအရသိရသည်။
ယခုဖြစ်ပွားခဲ့သော ကိစ္စသည် ပြဿနာတစ်ခုအားဖြေရှင်းခြင်းမဟုတ်သလို၊ လက်စားချေခြင်းလည်း မဟုတ်ကြောင်း၊ စုံစမ်းထောက်လှမ်းချက်များအရ အဖွဲ့အတွင်းသို့ ဝင်ရောက်ရန်ငြင်းဆန်သည့် အကျဉ်းသားများကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြည်နယ်တရားရေးရာ အတွင်းရေးမှူး Uziel Castro က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ခေါင်းဖြတ်မှုများအပါအဝင် ကြောက်မက်ဖွယ် သတ်ဖြတ်မှုများသည် ဇန်နဝါရီ ၆ရက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။
ပြည်နယ်တာဝန်ရှိသူများက နိုင်ငံ၏မြောက်ပိုင်း Manaus ပြည်နယ် ရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသား ၅၆ဦးအသတ်ခံရသည့် ဖြစ်စဉ်အပြီးရက်အနည်းငယ်အကြာတွင် အဂရီကိုလာ ဒီ မွန်တီ ကက်စထရို အကျဉ်းထောင်အတွင်းရှိ PCC ရာဇဝတ်ဂိုဏ်းဝင်အကျဉ်းသားများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြင့် ဘက်ပြိုင်ရာဇဝတ်ဂိုဏ်းများအား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Manaus ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုမှာ PCC ရာဇဝတ်ဂိုဏ်းဝင်အကျဉ်းသားများသည် အခြားရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သော Familia del Norte အဖွဲ့နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)