Latin America
ပီရူးနိုင်ငံတွင် အခိုးခံရသည့်ဖုန်းများအား အသုံးပြု၍မရအောင်ပြုလုပ်ခြင်းဖြင့် ဖုန်းသူခိုးများအားတုံ့ပြန်
လီမာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ပီရူးနိုင်ငံသည် အခိုးခံရသောဖုန်းများအား အသုံးပြု၍မရအောင်ပြုလုပ်နိုင်သည့် နည်းဗျူဟာသစ်ကို အသုံးပြု၍ ဖုန်းသူခိုးများအား တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Carlos Basombrio က ဇန်နဝါရီ ၁၀ရက်တွင်ပြောကြားလိုက်သည်။
အဆိုပါ နည်းဗျူဟာသည် ဖုန်းသူခိုးများနှင့် ခိုးယူထားသည့်ဖုန်းများအား ဝယ်ယူသူများအတွက် စိတ်ပျက်ဖွယ် အစီအစဉ်တစ်ခုဖြစ်ကြောင်း Cronica Viva နေ့စဉ်သတင်းစာက Basombrio ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
Basombrio က ယခုအသုံးပြုမည့် စနစ်အား မက္ကဆီကိုနိုင်ငံ နှင့် ကိုလံဘီယာနိုင်ငံတို့တွင် အောင်မြင်စွာ အသုံးပြုလျက်ရှိပြီး ယင်းစနစ်သည် ဖုန်း နှင့် ဖုန်းကဒ်တို့၏ ချိတ်ဆက်မှုကို အသုံးပြုထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီး၏ပြောကြားချက်အရ စနစ်၏ အလုပ်လုပ်ပုံသည် ရိုးရှင်းလွယ်ကူကြောင်း သိရသည်။
၎င်းက ဖုန်းပိုင်ရှင်၏ နာမည်၊ နိုင်ငံသားစိစစ်ရေးနံပါတ်၊ အီးမေးလ် နှင့် ဖုန်းကဒ် ရှိသည့် လက်ကိုင်ဖုန်းတွင် ဖုန်းပိုင်ရှင်၏ ဖုန်းကဒ်ဖြင့် အသုံးပြုပါက ဖုန်းအလုပ်လုပ်မည်ဖြစ်သော်လည်း အခြားသူ၏ ဖုန်းကဒ်အား ထည့်သွင်းပါက ဖုန်းအသုံးပြုနိုင်မည်မဟုတ်၍ ဖုန်းခိုးသူအနေဖြင့် ဖုန်းအခွံကြီးသာ ခိုးယူလာသကဲ့သို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးက ဇန်နဝါရီ ၉ရက်တွင် မိုဘိုင်းဖုန်းများ မှတ်ပုံတင်ခြင်းအပါအဝင် ရာဇဝတ်မှုတိုက်ဖျက်ခြင်း နည်းဥပဒေသစ်များကို ကြေညာခဲ့ပြီး စတင်ဆောင်ရွက်နိုင်ရန် အချိန်လေးလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အစိုးရက ထုတ်ပြန်သည့်အချက်အလက်များအရ လူဦးရေ ၃၁သန်းသာသာ ရှိသည့် ပီရူးနိုင်ငံတွင် နေ့စဉ် ဖုန်းအလုံးရေ ၆,၀၀၀ကျော်အခိုးခံနေရကြောင်း သိရသည်။
လွန်ခဲ့သည့် ၂၀၁၆ခုနှစ်အတွင်း ဖုန်းခိုးခံရမှုသည် ၁၉ရာခိုင်နှုန်းမြင့်တက်လာပြီး ၎င်းတို့အနက် ၁၂ရာခိုင်နှုန်းသာ ဖုန်းပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)