Videos
မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် နှင့် လာနီညာ ရာသီဥတု အကြောင်း တွေ့ဆုံမေးမြန်း
ရန်ကုန် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) လာမည့် ရာသီဥတု သဘာဝမှာ လာနီညာ ရာသီဥတု ဖြစ်ရန် အလားအလာ များနေပြီး ရာခိုင်နှုန်း အားဖြင့် ၆၅ ရာခိုင်နှုန်း အထိ ရှိနေကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာန နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ လာနီညာ ရာသီဥတု ဖြစ်ပေါ်ပါကလည်း မြန်မာနိုင်ငံ အပေါ် အကျိုးသက်ရောက်မှု ရှိ မရှိ ပြော၍ မရနိုင်ကြောင်း ၊ လာနီညာ ရာသီဥတု ဖြစ်ပေါ်ရာ ဒေသသည် မြန်မာနိုင်ငံ နှင့် အလွန်ဝေးကွာခြင်း ယေဘူယျ အားဖြင့် အားနည်းခြင်း နှင့် အားအသင့်အတင့် ဖြစ်ပေါ်ပါကလည်း မြန်မာနိုင်ငံ အပေါ် သက်ရောက်မှု မသိသာနိုင်ကြောင်း ရှင်းပြသည်။ လာနီညာ ရာသီဥတု အားကောင်းသည့် အဆင့်မှာ လာနီညာ စောင့်ကြပ် ကြည့်ရှုရေး ဧရိယာ ၄ ခုလုံး ပင်လယ် ရေမျက်နှာပြင် အပူချိန် ပုံမှန်အောက် အနှုတ် ၂.၀ ဒီဂရီ စင်တီဂရိတ်ကျော် အထိကျဆင်းသွားပါက အားကောင်းသည့် အဆင့်ဟု ပြောနိုင်ကြောင်း သိရသည်။ ယခုအချိန်တွင် လာနီညာ ရာသီဥတု အခြေအနေမှာ စောင့်ကြည့် အဆင့်သာ ရှိနေသေးကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ လာနီညာ ရာသီဥတု၏ အချိန်အားဖြင့် တစ်နှစ် ဖြစ်ပြီး အကျိုးသက်ရောက်မှုမှာ ဧရိယာ အားဖြင့် ကျယ်ပြန့်ပြီး ပစိဖိတ် သမုဒ္ဒရာ ဒေသ တစ်ခုလုံး ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အယ်နီညို ၊ လာနီညာ ရာသီဥတု ဆိုသည်မှာ မြန်မာနိုင်ငံ၏ အရှေ့ဘက်ရှိ ပစိဖိတ် သမုဒ္ဒရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် ဖြစ်ပြီး ယခင်က ၅ နှစ်မှ ၇ နှစ် တစ်ခါ ရေစီးကြောင်းများ အပြောင်းအလဲများ ဖြစ်ရာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်တွင် အနောက်ဘက်မှ ရေနွေးများ အရှေ့ဘက် အထိ တိုးဝင် လွှမ်းမိုး သွားပါက ထိုနှစ်အား ရေနွေး လွှမ်းမိုးသည့်နှစ် အယ်နီညို ဟု ခေါ်ပြီး ယင်းနှင့် ဆန့်ကျင်ဘက် အဖြစ် အရှေ့ဘက်မှ ရေအေးများ အနောက်ဘက် အထိ ရောက်လာ လွှမ်းမိုးသွားပါက လာနီညာ နှစ်ဟု ခေါ်ကြောင်း သိရသည်။ (Xinhua)