Videos
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) က သတ္တမအကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေးပေးအပ်
ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ)
တိုင်းဒေသကြီး နှင့် ပြည်နယ် ၈ ခုရှိကျောင်းသား/သူ ၅၉ ဦးအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၉ ရက် တွင် ရန်ကုန် မြို့ရှိ Myanmar Sport Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးစိန်ဝင်းနှင့် မြန်မာ–တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် တို့က လှူဒါန်းမှုနှင့်ပတ်သက်ပြီးအမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။ ထို့နောက် ထောက်ပံ့ကြေး ရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆရာမကြီးဒေါ်ဇင်ခိုင် စတင်ပေးအပ်ခဲ့ပြီး မြန်မာ–တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ ဆက်လက် ကျင်းပ ပြုလုပ်သော သတ္တမအကြိမ်မြောက်ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား၌ မြန်မာ နိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရည်ထူးချွန်ထက်မြက်ပြီး ဆက်လက် ပညာသင်ကြားရန် အခက်အခဲရှိသည့် ကျောင်းသား၊ကျောင်းသူ ၁၀၆ ဦးအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခဲ့ကြောင်းသိရသည်။
ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ကျောင်းသူတစ်ဦးလျှင် ငွေကျပ် ၅ သိန်း နှုန်း ဖြင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း ၅၃၀ ပေးအပ် ခဲ့ကြောင်းသိရသည်။
တိုင်း နှင့် ပြည်နယ် ၆ခုရှိ ကျောင်းသား၊ကျောင်းသူ ၄၇ ဦးအား ဖေဖော်ဝါရီ ၂၂ ရက် တွင် မန္တလေး မြို့ ၌ ပညာသင် ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
လှူဒါန်းမှုနှင့်ပတ်သက်ပြီး ပညာသင် ထောက်ပံ့ကြေးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူ များ၏ ရင်ဖွင့်စကားသံကို လည်း ဆင်ဟွာသတင်းဌာနမှ ယခုကဲ့သို့မေးမြန်းခဲ့ပါသည်။ (Xinhua)