Videos
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့နယ် စုံညီ တွေ့ဆုံပွဲ ကျင်းပ
ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့နယ် အလုပ် အမှုဆောင် အဖွဲ့များ စုံညီ တွေ့ဆုံပွဲ အခမ်းအနားအား ယနေ့ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC)၌ ကျင်းပခဲ့သည်။
အခမ်းအနား သဘာပတိ ဖြစ်သူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ယခုလို စုံညီ တွေ့ဆုံမှု အစည်းအဝေးမျိုးသည် အမြဲတမ်းပဲ လိုအပ်သကဲ့သို့လေးလေးနက်နက် ဆွေးနွေးကြရန် လိုအပ်ကြောင်း ၊ ဒီမိုကရေစီ နည်းကျ ထိတွေ့ဆက်ဆံမှုကနေ အကျိုးရလဒ်တွေ ရရှိအောင် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ရှိ အခြေအနေတွင် လွှတ်တော် ၊ အစိုးရ ၊ ပါတီ ကြားတွင် ညီညီညွှတ်ညွှတ် ရုန်းကန်ကြရမည့် အချိန်ကာလ တစ်ခု ရောက်နေပြီ ဖြစ်ကြောင်း ပါတီကို ယုံကြည်စွာ မဲပေးခဲ့သည့် ပြည်သူလူထု အတွက် ဆောင်ရွက်ပေးနိုင်သည့် အဖွဲ့အစည်းများ ဖြစ်ရန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ တိုးတက် ခိုင်မာရန် ဥပဒေပြုရေး မဏ္ဍိုင် ၊ တရားရေး မဏ္ဍိုင် နှင့် အုပ်ချုပ်ရေး မဏ္ဍိုင် ၃ ခုလုံး တက်ညီလက်ညီဖြင့် ပြည်သူ့အကျိုးကို ထမ်းဆောင်ရန် လိုအပ်ကြောင်း ၊ တစ်ခုနှင့် တစ်ခု ထိန်းညှိရန် တာဝန်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ တိုင်း ခရိုင် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့များ စုံညီ တွေ့ဆုံပွဲများ ပြုလုပ်ရခြင်းသည် ပါတီ ၊ အစိုးရ နှင့် လွှတ်တော် သုံးပွင့်ဆိုင် တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေး အခြေအနေများအား အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး လိုအပ်ချက်များအား ရှေ့လုပ်ငန်းစဉ်များ အနေဖြင့် ချမှတ်ကြရန် ပြင်ဆင်သည့်ပွဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)