Connect with us

Videos

မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ချန်ဟောက်ဟွေး ရွေးကောက်တင်မြှောက်ခံရ

မကာအို၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ချန်ဟောက်ဟွေး (Sam Hou Fai) က မဲအပြတ်အသတ်ဖြင့် အောက်တိုဘာ ၁၃ ရက်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။၎င်းသည် တရားဝင်မဲ ၃၉၈ မဲအနက် ထောက်ခံမဲ ၃၉၄ မဲ ရရှိခဲ့ကာ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ Song Man Lei က ၎င်းအား အနိုင်ရသူအဖြစ် ကြေညာခဲ့သည်။
မကာအိုဒေသ၏ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေး ဥပဒေအရ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲသို့ ရွေးကောက်တင်မြှောက်ရေး ကော်မတီဝင် ၄၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံ တက်ရောက်မဲပေးမည်ဆိုပါက အဆိုပါရွေးကောက်ပွဲ အထမြောက်ကာ ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် ရွေးကောက်တင်မြှောက်ခံရရန် ကော်မတီဝင် ထက်ဝက်ကျော်၏ ထောက်ခံမှု (အနည်းဆုံး ထောက်ခံမဲ ၂၀၀) ရရှိရန်လိုအပ်မည်ဖြစ်သည်။

မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ ကျယ်ကျယ်ပြန့်ပြန့် ရွေးကောက်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေးကော်မတီက အုပ်ချုပ်ရေးမှူးအား ရွေးချယ်ကာ ဗဟိုပြည်သူ့အစိုးရက ခန့်အပ်ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူးအနေဖြင့် ငါးနှစ်သက်တမ်း ထမ်းဆောင်ရမည်ဖြစ်ကာ နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံနိုင်ကြောင်း သိရသည်။
ချန်ဟောက်ဟွေးအား ရွေးကောက်တင်မြှောက်ခဲ့သည့် ရလဒ်ကို ကြေညာပြီးချိန်တွင် ခန်းမဆောင်အတွင်း လှိုက်လှိုက်လှဲလှဲ လက်ခုပ်ဩဘာပေးသံများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရပြီးနောက် မိန့်ခွန်းပြောကြားရာတွင် ချန်ဟောက်ဟွေးက ကော်မတီဝင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

“အသိအမှတ်ပြုမှုနဲ့ ထောက်ခံအားပေးမှုအတွက် ရွေးကောက်တင်မြှောက်ရေး ကော်မတီဝင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အဲဒီအတွက်ကြောင့်ပဲ မကာအိုဒေသအတွက်၊ တိုင်းပြည်အတွက်၊ လူထုအတွက် ပိုမိုအဆင့်မြင့်မားပြီး ပိုမိုကျယ်ပြန့်စွာနဲ့ ပိုမိုမဟာဗျူဟာကျတဲ့ လုပ်နိုင်စွမ်းတွေနဲ့ ဆက်လက်အလုပ်အကျွေးပြုခွင့် ရသွားလို့ပါပဲ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အခြေခံဥပဒေအရ အုပ်ချုပ်ရေးမှူးအနေဖြင့် ဗဟိုအစိုးရနှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအား တာဝန်ခံရမည်ဖြစ်သည်။ အရေးကြီး လုပ်ငန်းဆောင်တာများနှင့် တာဝန်များကို တည်ကြည်ခိုင်မာစွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။

ချန်ဟောက်ဟွေးက ၎င်း၏ နိုင်ငံရေးမူဝါဒနှင့် မူဝါဒကြေညာစာတမ်းအတိုင်း သစ္စာရှိရှိဖြင့် ကျေပွန်စွာထမ်းဆောင်သွားရန် ကတိကဝတ်ပြုကြောင်း အလေးအနက်ပြောကြားခဲ့ကာ ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိရေးအတွက် လူထု၏မျှော်လင့်ချက်များအား ဖြည့်ဆည်းရေးမှာ အဓိက ရည်မှန်းချက်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ မိမိ၏ အမြင့်မားဆုံး မူဝါဒများမှာ “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒအား တိကျစွာဖြင့် မမှိတ်မသုန် အပြည့်အဝအကောင်အထည်ဖော်ရန်၊ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေးဥပ‌ဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ‌ရွေးကောက်ပွဲရလဒ်အား အတည်ပြုရေးအတွက် နောက်ဆုံးအယူခံ တရားရုံးဆီသို့ တင်သွင်းမည်ဖြစ်ကာ ထို့နောက် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရပြန်တမ်းအား ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.