Local
SMEs ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်သည့် လုပ်ငန်းများကို ရှေ့ဆက် လုပ်ရန် ပြည်ထောင်စု ဝန်ကြီး ပြောကြား
ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)
အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(SMEs) ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်သည့် လုပ်ငန်းများကိုသာလျှင် ရှေ့ဆက် လုပ်ဆောင်ကြရန် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
SMEs ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျုဟာ ချမှတ်နိုင်ရေး အတွက် ကိစ္စများ နှင့် အဖြေရှာခြင်းများအား မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဦးဆောင်၍ ယနေ့ဇူလိုင် ၂၉ ရက်တွင် ဖိုရမ် ကျင်းပခဲ့ရာတွင် ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
SMEs ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျုဟာ ချမှတ်နိုင်ရေး ဖိုရမ် ကျင်းပစဉ်(ဆင်ဟွာ
ဈေးကွက် လိုအပ်ချက် အရ အမြန်ဆုံး အားပေးသင့်သော လုပ်ငန်း အမျိုးအစားများ ၊ အလုပ်အကိုင် အခွင့်အလမ်းများ နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချနိုင်ရေး စိန်ခေါ်မှုများအား လက်တွေ့ရင်ဆိုင်ပြီး ယနေ့အဖြေရှာရန် ဖြစ်ကြောင်း ၊ နိုင်ငံ အတွက် အကျိုးရှိဆုံး ဖြစ်မည့် တကယ် ဖြစ်နိုင်သည့် လက်တွေ့ကျကျ အခန်းကဏ္ဍအား တိတိကျကျ ဖော်ထုတ်ပြီး ဆွေးနွေးစေလိုကြောင်း ၊ ရရှိသည့် ကဏ္ဍများအား ဦးစားပေးပြီး ထောက်ပံ့ပေးရန် ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယခင်ကဲ့သို့ရှေးရိုးစဉ်လာ မိရိုးဖလာ ထုတ်လုပ်သည့် နည်းပညာမှသည် ပိုမို မြင့်မားသည့် တန်ဖိုးမြင့် ထုတ်ကုန်များ များစွာ လိုအပ်ကြောင်း ၊ နိုင်ငံ အမြန်ဆုံး တိုးတက်ရန် SME မရှိ၍ မရကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ယခု ကျင်းပသည့် ဖိုရမ်တွင် SME ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ အကြံပြုချက်များကို ကဏ္ဍ အလိုက် ဆွေးနွေးရန် စီစဉ်ထားပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ ကုန်သွယ်မှု ကဏ္ဍ ၊ ဝန်ဆောင်မှု ကဏ္ဍ အပါအဝင် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ၊ စွန့်ဦးတီထွင် SME လုပ်ငန်းသစ်များ လွယ်ကူ လျင်မြန်စွာ ဖြစ်ထွန်းလာရေး နှင့် SME လုပ်ငန်းများ ငွေကြေး အရင်းအနှီး ရရှိရေး တို့ကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)