Economy
တရုတ်နိုင်ငံ၏ ပထမဆုံး ဒစ္စနေအပန်းဖြေစခန်းအား ရှန်ဟိုင်း၌ စတင် ဖွင့်လှစ်
ရှန်ဟိုင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
ဒစ္စနေ၏ ထူးခြားသည့် အသွင်အပြင်များ နှင့် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုတို့ကို ပေါင်းစပ် ထားသည့် ရှန်ဟိုင်း ဒစ္စနေ အပန်ဖြေ စခန်းအား ဇွန်လ ၁၆ ရက်တွင် တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပန်းဖြေစခန်းသို့ ပထမဆုံး လာရောက် လည်ပတ်သူများ အနက် ရှန်ဟိုင်းမြို့နေ ဝမ်ဝမ်းချောင် က “ ကျွန်မ ကယ်လီဖိုးနီးယား နဲ့ တိုကျို မြို့တွေမှာရှိတဲ့ ဒစ္စနေ အပန်းဖြေစခန်း တွေကို ရောက်ဖူးခဲ့ပါတယ်။ ဒါပေမယ့် အခုလို ကိုယ့်နိုင်ငံ၊ ကိုယ်မြို့မှာ ဖွင့်တဲ့ ဒစ္စနေအပန်းဖြေစခန်းကို လည်ပတ်ရတဲ့အခါ အလွန်ပဲ ဂုဏ်ယူပြီး ပီတိ ဖြစ်ရပါတယ်” ဟု ပြောကြားသည်။
၎င်းက ဆက်၍ “ရှန်ဟိုင်းမြို့ ဒစ္စနေ အပန်းဖြေစခန်း စစဖွင့်ချင်း နေ့မှာ လာရောက် လည်ပတ်နိုင်ခြင်းဟာ တစ်ဘဝလုံးမှာ တစ်ခါဘဲ ရနိုင်တဲ့ အတွေ့အကြုံပါ ပြီးတော့ ကျွန်မအနေနဲ့ ဒစ္စနေရဲ့ အသွင်အပြင်ကို ဘယ်လိုပုံစံမျိုး တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ပေါင်းစပ်ထားလဲဆိုတာ ကိုလည်း အရမ်း မြင်တွေ့ချင်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ဝမ် သည် ဒစ္စနေအပန်းဖြေစခန်း သို့၎င်း၏ မိခင်ဖြစ်သူနှင့် အသက် ၇ နှစ်အရွယ် သားတစ်ယောက် နှင့် အတူ လာရောက် လည်ပတ်ခြင်း ဖြစ်သည်။
ဖူတုန်း ခရိုင်တွင် တည်ရှိသည့် ရှန်ဟိုင်း ဒစ္စနေ အပန်းဖြေစခန်းသည် ၃.၉ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး တရုတ်ပြည်မကြီး၏ ပထမဆုံး ဒစ္စနေ အပန်းဖြေစခန်း ဖြစ်ကာ ကမ္ဘာပေါ်တွင် ခြောက်ခုမြောက် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပန်းဖြေစခန်း၌ ရှန်ဟိုင်း ဒစ္စနေ ဥယျာဉ်၊ ဟော်တယ် နှစ်ခု၊ ဒစ္စနေမြို့၊ ဈေးဝယ်နေရာများ၊ စားသောက်ဆိုင်များ၊ ဖျော်ဖြေရေး နေရာများ ပါဝင်ကြောင်း သိရသည်။
အပန်းဖြေစခန်း ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တရုတ်ယွမ် ၃၄ ဘီလီယံ ပတ်ဝန်းကျင် (အမေရိကန် ဒေါ်လာ ၅.၂ ဘီလီယံခန့်) ကုန်ကျခဲ့ပြီး ဝေါလ်ဒစ္စနေ ကုမ္ပဏီ နှင့် ရှန်ဟိုင်း ရှင်းတီ ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
အပန်းဖြေစခန်းအား ငါးနှစ်ကြာ ဆောက်လုပ်ခဲ့ပြီး ထပ်မံ တိုးချဲ့ရန် အစီအစဉ် ရှိကြောင်း ဝေါလ်ဒစ္စနေ ကုမ္ပဏီ က ပြောကြားခဲ့သည်။ (Xinhua)