Connect with us

Economy

အာဖရိကတွင် AIIB ၏ အဖွဲ့ဝင်အရေအတွက် တိုးပွားလာ

အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ ပဉ္စမမြောက် နှစ်ပတ်လည်အစည်းအဝေးအား ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပနေစဉ် (ဓာတ်ပုံ- AIIB/Handout via Xinhua)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့မှ လိုက်ဘေးရီးယားနိုင်ငံ၏ အဖွဲ့ဝင်လျှောက်ထားခြင်းကို ခွင့်ပြုလိုက်ပြီးနောက် အာဖရိကတိုက်တွင် အဖွဲ့ဝင် အရေအတွက် ၁၀ နိုင်ငံနှင့် အလားအလာရှိသောအဖွဲ့ဝင် ၉ နိုင်ငံအထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 

AIIB မှဝင်ခွင့်ပြုထားသော အာဖရိကတိုက်ရှိ အဖွဲ့ဝင်နိုင်ငံများသည် အာဖရိကတိုက်၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP) စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်နှင့် အာဖရိကတိုက်ရှိ လူဦးရေ၏ ၄၆ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း AIIB က ဆိုသည်။ 

အာဖရိကန် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏အဆိုအရ COVID-19 မတိုင်မီကာလက အာဖရိက၏ အခြေခံအဆောက်အအုံ ငွေကြေးကွာဟမှုမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆၇.၇ ဘီလီယံနှင့် ၁၀၇.၅ ဘီလီယံကြားတွင် ရှိနိုင်ကြောင်း။ AIIB သည် နိုင်ငံစုံပါဝင်သော ဘဏ်ဖြစ်သည့်အားလျော်စွာ ငွေရေးကြေးရေးအားဖြင့် ရေရှည်တည်တံ့သော ငွေချေးသည့်အလေ့အထများ ပေးအပ်ရန် ကတိပြုထားခဲ့ပြီး အာဖရိကမှ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါ ငွေကြေးကွာဟမှုကို အထောက်အကူဖြစ်စေရန် သင့်တင့်မျှတသော မတည်ရင်းနှီးငွေနှင့် အခြေခံအဆောက်အအုံဆိုင်ရာကျွမ်းကျင်မှုကို ထည့်ဝင်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။ 

“အာဖရိကမှ အဖွဲ့ဝင်များ တိုးပွားလာခြင်းဟာ နိုင်ငံစုံပါဝင်မှုက ထူးခြားတဲ့စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အလားအလာရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မိတ်ဖက်ဆောင်ရွက်မှုတွေကတစ်ဆင့် ရေရှည်တည်တံ့သော အနာဂတ်ကို ဖန်တီးနိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ကြောင်း ပြသနေပါတယ်” ဟု AIIB ဥက္ကဋ္ဌ ကျင်းလိချွင်က ဆိုသည်။ 

အလားအလာရှိသော အဖွဲ့ဝင်များအနေဖြင့် လိုအပ်သော အဖွဲ့ဝင်ဖြစ်မှုလုပ်ငန်းစဉ်များ အပြည့်အစုံနှင့် ပထမဆုံး ရင်းနှီးမြှုပ်နှှံမှုထည့်ဝင်ငွေများဖြင့် AIIB သို့ တရားဝင်ချိတ်ဆက်ရမည်ဖြစ်သည်။ AIIB သည် အာဖရိကတိုက်တွင် ငွေကြေးထောက်ပံ့မှုစီမံကိန်းများ စတင်ခဲ့ပြီး အီဂျစ်နိုင်ငံရှိ စီမံကိန်းသုံးခုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ပေးအပ်ရန် ဘဏ်ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များက ခွင့်ပြုခဲ့ကြောင်း သိရသည်။ 

AIIB သည် အာရှတိုက်ရှိ လူမှုရေးနှင့် စီးပွားရေးရလဒ်များ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသည့် နိုင်ငံစုံပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဘဏ် တစ်ခုဖြစ်သည်။ ဘဏ်ရုံးချုပ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ထားရှိကာ ၂၀၁၆ ခုနှစ်၌ စတင်လည်ပတ်ခဲ့ပြီး ယခုအခါ ကမ္ဘာတစ်ဝန်း အဖွဲ့ဝင် ၁၀၃ နိုင်ငံအထိ ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.