Economy
Taobao ဝက်ဘ်ဆိုက်တွင် လေလံတင်ရောင်းချခဲ့သည့် “Varada Blessing” သင်္ဘောကြီး အား သင်္ဘောကုမ္ပဏီ တစ်ခုမှ ဝယ်ယူသွားခဲ့

ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
အွန်လိုင်းဈေးကွက် တစ်ခုဖြစ်သည့် Taobao.com ဝက်ဘ်ဆိုက်တွင် လေလံတင်ရောင်းချခဲ့သော စင်ကာပူနိုင်ငံအလံတင်သင်္ဘော “Varada Blessing” အား တရုတ်ယွမ် ၈၁သန်း (အမေရိကန်ဒေါ်လာ ၁၂သန်း) ဖြင့် လေလံအောင်မြင်သွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျိုး ပင်လယ်ရေကြောင်းသွားလာမှု နှင့် ပြည်နယ်အဆင့်တရားရုံး က ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘောအား Varada One Ptd Ltd. မှ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများကြောင့် ပုလဲမြစ်ဝတွင်ကျောက်ချထားခြင်းဖြစ်ကြောင်း သိရသည်။
Taobao ဝက်ဘ်ဆိုက်တွင် လေလံတင်ရောင်းချခဲ့သည့် “Varada Blessing” သင်္ဘောကြီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
Taobao ဝက်ဘ်ဆိုက်တွင် လေလံတင်ရောင်းချခဲ့သည့် “Varada Blessing” သင်္ဘောကြီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ယင်း သင်္ဘောအား Taobao တွင် နှစ်ကြိမ်တိုင်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ထိုက်တန်သည့် တန်ဖိုးငွေ မရရှိသည့်အတွက် ရောင်းချနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ကွမ်ကျိုးပင်လယ်ရေကြောင်းသွားလာမှုတရားရုံးက ထပ်မံလေလံတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
၎င်းသင်္ဘောသည် အလျား ၃၃၂မီတာရှည်လျားပြီး ၅၈မီတာ ကျယ်ဝန်းကာ စုစုပေါင်းတန်ချိန် ၁၅၇,၀၀၀တန်ရှိကြောင်း သိရသည်။
ယင်း အွန်လိုင်းလေလံတင်ရောင်းချမှုအား လူပေါင်း ၃၃,၀၀၀ ဝင်ရောက်ကြည့်ရှုခဲ့ပြီး လေလံဆွဲသူ ၆ဦးထံမှ အမှာစာ ၁၉ခုရရှိခဲ့ကြောင်း နှင့် နောက်ဆုံးတွင် Natalia သင်္ဘောကုမ္ပဏီက တရုတ်ယွမ် ၈၁သန်းဖြင့် လေလံအောင်ခဲ့ကြောင်း သိရသည်။
ယခုအခါ တရုတ်နိုင်ငံ တရားရုံးများသည် သိမ်းဆည်းရရှိသော ပစ္စည်းများအား အွန်လိုင်းတွင် လေလံတင်ရောင်းချလျက်ရှိပြီး Taobao၏ တရားစီရင်မှုဆိုင်ရာပစ္စည်းများ ရောင်းချမှု ကဏ္ဍတွင် ကွမ်တုံးပြည်နယ်မှ တရားရုံး ၁၂၀ကျော် မှတ်ပုံတင်ထားကြောင်း သိရသည်။ ယင်းကဏ္ဍမှတစ်ဆင့် ပြည်နယ်အတွင်း အွန်လိုင်းလေလံတင်ရောင်းချမှုများ သည် ၂၀၁၄ခုနှစ်တွင် တရုတ်ယွမ် သန်း၁၀၀ ရှိရာမှ ၂၀၁၆ခုနှစ်တွင် တရုတ်ယွမ် ၁၀ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)