Politics, Law & Military
၂၀၁၆ ခုနှစ်အတွင်း နိုင်ငံခြားသား ၁,၆၀၀ နီးပါး တရုတ်နိုင်ငံ၏ Green Card ရရှိ
ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရရှိလာသည့် နိုင်ငံခြားသားများမှာ ၂၀၁၆ ခုနှစ်အတွင်း ၁၅၇၆ ဦး ရှိလာပြီ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်ကထက် ၁၆၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနထံမှ သိရသည်။
တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့်နှင့် နေထိုင်ခွင့်ဆိုင်ရာ မူဝါဒများ ဖြေလျှော့ပေးခြင်း လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ကာ နိုင်ငံရပ်ခြား၊ အပြည်ပြည်ဆိုင်ရာ ဖလှယ်မှုများနှင့် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ဝန်ကြီးဋ္ဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိသည့် နိုင်ငံခြားသားများအနေဖြင့် ရင်းနှီးမြှုပ်နှံခွင့်၊ အိမ်ရာ ဝယ်ယူခွင့်၊ ကျောင်းနေခွင့်နှင့် အခြား အခွင့်အရေးများအား တရုတ်နိုင်ငံသားများနည်းတူ ခံစားခွင့် ရရှိမည် ဖြစ်သည်။
အဆိုပါ အစီအစဉ် အကောင်အထည်ဖော်ပြီး တစ်နှစ်အကြာတွင် ရှန်ဟိုင်းမြို့၌ နိုင်ငံခြားသားများနှင့် မိသားစုများမှ အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားမှုများ ၆ ဆ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ပေကျင်း၌ ယင်းသို့လျှောက်ထားမှု အရေအတွက်မှာ ၂၀၁၆ ခုနှစ်တွင် ၂၀၁၅ ခုနှစ်ကထက် ၄၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသား ၅၆.၅ သန်း ကျော် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၈.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
လက်ရှိ၌ တရုတ်နိုင်ငံရှိ မြို့များတွင် နိုင်ငံ အချို့မှ နိုင်ငံသားများကို ၇၂ နာရီ ဗီဇာ ကင်းလွတ်ခွင့် ပေးထားပြီး ရှန်ဟိုင်း၊ ကျန်းစုနှင့် ကျဲ့ကျန်း ပြည်နယ်များတွင် နိုင်ငံအချို့မှ နိုင်ငံတကာ ဖြတ်သန်းသွားလာကြမည့် ခရီးသည်များအတွက် ၁၄၄ နာရီ ဗီဇာ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)