WORLD
ဘရာဇီးနိုင်ငံ အစိုးရက ယခုနှစ်ကုန်အထိ အရေးပေါ်အကူအညီ တိုးချဲ့ပေးအပ်
ဘရာဇီးလီးယား၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ သမ္မတ Jair Bolsonaro သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် ပြည်သူများအတွက် အရေးပေါ်ငွေကြေးအကူအညီ ပေးအပ်မှုကို ယခုနှစ်ကုန်အထိ တိုးချဲ့ပေးမည်ဟု စက်တင်ဘာ ၁ ရက်က ကြေညာခဲ့သည်။
အလုပ်အကိုင်ဆုံးရှုံးခဲ့ရသူများ သို့မဟုတ် အသွားအလာကန့်သတ်မှု ဆောင်ရွက်ချက်များကြောင့် ဝင်ငွေ လျော့နည်းခဲ့သူများအနေဖြင့် ယခုနှစ် ကျန်ရှိသည့်လေးလအတွက် လစဉ် ရီးယယ် ၃၀၀ (အမေရိကန်ဒေါ်လာ ၅၆ ဒေါ်လာခန့်) ရရှိမည် ဖြစ်သည်။ယခုအကူအညီများကို အလုပ်ပုံမှန်မဟုတ်သည့် ကဏ္ဍများမှ အလုပ်သမားများ သီးခြား အသေးစား လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်အလုပ်လုပ်သူများ (ဈေးသည်များ) နှင့် ကျန်းမာရေးကိစ္စကြောင့် အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိသူများအား ပေးအပ်လျက်ရှိသည်။
ဧပြီလက စတင်ခဲ့သည့် ကနဦးအရေးပေါ်အကူအညီပေးငွေ ပမာဏသည် ရီးယယ် ၆၀၀ (၁၁၂ ဒေါ်လာ ခန့်) ရှိကြောင်း သိရသည်။အစိုးရကိန်းဂဏန်းများအရ စုစုပေါင်း ဘရာဇီးနိုင်ငံသား ၆၇.၂ သန်း ခန့် အရေးပေါ်အကူအညီ လက်ခံရရှိခဲ့ပြီး ဇူလိုင်လက အိမ်ထောင်စုပေါင်း ၄.၄ သန်းခန့်မှာ ထောက်ပံ့ငွေ တစ်ခုတည်းဖြင့်သာ ရပ်တည်ခဲ့သည်ဟုသိရသည်။ (Xinhua)