Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ထုတ်ပြန်ထားသော ပမာဏထက် သေဆုံးသူဦးရေ “ ပိုမိုများပြားနိုင်မှာ သေချာကြောင်း” Fauci ပြောကြား

အမေရိကန်နိုင်ငံ အမျိုးသားဓာတ်ခွဲခန်း နှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး Anthony Fauci အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသား ဓာတ်ခွဲခန်း နှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး Anthony Fauci က အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့်သေဆုံးသူ အရေအတွက်မှာ ထုတ်ပြန်ထားသော ပမာဏထက် ပိုမိုများပြားနိုင်မည်ဟု ကျွမ်းကျင်သူများက ယုံကြည်နေကြောင်း မေ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

“ သေဆုံးတဲ့ အရေအတွက်ဟာ အဲဒီကိန်းဂဏန်းတွေထက် ပိုများမယ်လို့ အများစု စိတ်ထဲမှာ ယုံကြည်နေတယ်” ဟု ဆီးနိတ်လွှတ်တော်သို့ ထွက်ဆိုမှုတစ်ခုတွင် Fauci က ထည့်သွင်းပြောကြားခဲ့သည်။“ အခြေအနေတွေအရ အထူးသဖြင့် နယူးယောက်မြို့မှာပေါ့ ၊ ကျန်းမာရေးစနစ်က အရမ်းကို ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ် ၊  အဲဒီမှာ အသေအပျောက်စာရင်းထဲ ထည့်သွင်း ရေတွက်မခံရတဲ့ နေအိမ်တွေမှာပဲ သေဆုံးသွားသူတွေ ရှိနိုင်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆေးရုံကို လုံးဝ ရောက်မလာကြလို့ဘဲ” ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းရှိ လူသေထားသော ယာယီအအေးတိုက်များအား မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Fauci က သေဆုံးသူအရေအတွက် “မည်မျှပိုများနိုင်သည်ဆိုသည့် ရာခိုင်နှုန်းအတိအကျ” ကို ၎င်းအနေဖြင့် မသိကြောင်းဆက်လက်ပြောကြားခဲ့သည်။ထို့ပြင် နိုင်ငံတော်အနေဖြင့် ဘေးကင်းလုံခြုံစွာ ပြန်လည်ဖွင့်လှစ်ရေးအတွက် COVID-19 ရောဂါလမ်းညွှန်ချက်များကို စနစ်တကျ မလုပ်ဆောင်နိုင်ပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် “ နာရီလက်တံဖြောင်းဖြန်ပြန်လည်ခြင်းမျိုး” ဖြစ်လာနိုင်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ မြင်ကွင်းအား မေ ၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတော်အနေဖြင့် ကန့်သတ်ချက်များအား ပြန်လည်ဖွင့်လှစ်မှုကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက “ အမှန်တကယ်စိုးရိမ်စရာကောင်းသော” အကျိုးဆက်များ ကြုံတွေ့လာနိုင်ကြောင်း ၎င်းက ဆိုသည်။ကိုရိုနာဗိုင်းရပ်စ် တိမ်မြုပ်ပျောက်ကွယ်သွားခြင်း လုံးဝ မရှိသေးသော အခြေအနေတစ်ရပ်တွင် ရောဂါပိုးစစ်ဆေးမှု နှင့် ကျန်းမာရေးဆိုင်ရာကြိုတင်ပြင်ဆင်မှုအပိုင်း၌ ဒုတိယလှိုင်း၏ ရိုက်ခတ်မှုကို ကြုံတွေ့နိုင်ချေရှိပြီး ၎င်းဒုတိယလှိုင်းသည် လုံးဝခန့်မှန်း၍ မရနိုင်သလို ဖြစ်နိုင်ချေလည်းရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဖြစ်ပေါ်လာသောအချိန်တွင် အမေရိကန်နိုင်ငံအနေဖြင့် အရည်အချင်းပြည့်မီသော တုံ့ပြန်ကိုင်တွယ်မှုတစ်ခု မပြုလုပ်နိုင်ပါက ကူးစက်မှုများ နှင့် သေဆုံးမှုများသည် ပို၍ များပြားနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကုသရေးဆေးဝါးများ နှင့် ကာကွယ်ဆေးများ အကြောင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရှိမည်ဆိုပါက ကျောင်းသားများအတွက် ဘေးကင်းလုံခြုံနိုင်မည်ဖြစ်ကြောင်း ၊ သို့သော် ကျောင်းဖွင့်ချိန်တွင် ကာကွယ်ဆေး နှင့် ကုသရေးဆေးဝါးများ အဆင်သင့်ဖြစ်နိုင်ရန်မှာ အလွန်အလှမ်းကွာဝေးနေသေးကြောင်း Fauci က ပြောကြားခဲ့သည်။

“ ကာကွယ်ဆေးရပြီးတဲ့အနေအထားတစ်ခုဖြစ်လာမယ်ဆိုရင်တော့ ဒါတွေကိုအဆုံးသတ်ဖို့ အပြုသဘောဆောင်တဲ့ နည်းလမ်းတစ်ခုဖြစ်လာမှာပါ။ အခုလိုအခြေအနေမျိုးမှာ ကျောင်းသားတစ်ဦးချင်းစီ ကျောင်းပြန်တက်ချိန်မှာ ကာကွယ်ဆေးရဖို့ကတော့ ကျွန်တော်တို့ မမြင်သေးပါဘူး ” ဟု ၎င်းက ဆိုသည်။(Xinhua)