Culture & Entertainment
ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်) ကျင်းပ
ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)
၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)၏ ရခိုင်သြင်္ကန် ရီလောင်းပွဲအား ယနေ့ဧပြီ ၁၃ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း၌ စတင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရခိုင် ရိုးရာ သြင်္ကန် ပွဲတော်ကို မဏ္ဍပ် ၂၀ ဖြင့် ကျင်းပလျက် ရှိကြောင်း ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ဖော်ဆောင်သည့် ပွဲဖြစ်ကြောင်း ၊ ရခိုင် ရိုးရာ သြင်္ကန် ပွဲကို ရခိုင် တိုင်းရင်းသား များသာမက ကျန်သည့် တိုင်းရင်းသား အားလုံး ပါဝင် ဆင်နွှဲနေသည့် အတွက် ပျော်ရွှင် ဝမ်းသာပါကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း၌ ကျင်းပသော ရခိုင်သြင်္ကန် ရီလောင်းပွဲ မြင်ကွင်းများ(ဆင်ဟွာ)
၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)၏ ရခိုင်သြင်္ကန် ရီလောင်းပွဲအား ယနေ့ဧပြီ ၁၃ ရက်(သြင်္ကန် အကြိုနေ့)မှ စတင်ကာ ဧပြီ ၁၆ ရက်(သြင်္ကန် အတက်နေ့)အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ဧပြီ ၁၂ ရက် တွင် ရခိုင် ရိုးရာ နံ့သာ သွေးပွဲ ၊ ယနေ့ဧပြီ ၁၃ ရက် နံနက်ပိုင်းတွင် ဘုရား ရေသပ္ပာယ်ပွဲအား ဗဟန်းမြို့နယ်ရှိ ရခိုင် ပြည်နယ် ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း၌ ကျင်းပသော ရခိုင်သြင်္ကန် ရီလောင်းပွဲ မြင်ကွင်းများ(ဆင်ဟွာ)
ရခိုင် သြင်္ကန်၏ ထူးခြားမှုမှာ ဘုရားအား ရေမသပ္ပာယ်ဘဲ ရေမကစား ရကြောင်း ၊ ဘုရားအား နံ့သာရေဖြင့် ပူဇော် သပ္ပာယ် ပြီးမှသာ ရေကစားကြကြောင်း သိရသည်။
၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင် စာပေ နှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်) နှင့် မြို့နယ် အသင်းများ ၊ ရခိုင် လူမှုရေး အသင်း အဖွဲ့များမှ စီစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)