Environment, Disasters & Accidents
ငဝန်မြစ်ရေ တက်လာသည့်အတွက် ငါးသိုင်းချောင်းမြို့ အတွင်း လမ်းအချို့နှင့် လူနေအိမ်ခြေများ တွင် ရေဝင်နစ်မြုပ်
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေ သည် သြဂုတ်လ ၁၄ ရက်နေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ၂၉ . ၃၀ ပေ စိုးရိမ်ရေအမှတ်အထက် ၂ပေနှင့် ဝ. ၃၀ လက်မ ကျော်လွန်လျက်ရှိပြီး မြစ်ရေ ဆက်လက် ကျဆင်းလျက် ရှိသော်လည်း ဒါးကမြစ်ဘက်မှ ဝင်ရောက် လာသော မြစ်ရေများ တိုးလာသဖြင့် ငါးသိုင်းချောင်းမြို့ အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များရှိ လမ်းအချို့နှင့် လူနေအိမ်ခြေများ တွင် ရေဝင်နစ်မြုပ်လျက် ရှိကြောင်း သိရသည်။
မြို့ပေါ်ရှိမြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော ရွှေဘိုရပ်ကွက် လမ်းမတော် တာလေးလမ်းပိုင်း၊ နိဗ္ဗာန်လမ်း၊ မဂ္ဂင်လမ်း၊ ရွှေတောင်လမ်း၊ တိုးချဲ့ကွက်သစ် လမ်းများနှင့် လူနေအိမ်ခြေများ၊ မြို့သစ်ရပ်ကွက် ချမ်းသာကြီးလမ်း၊ အောင်ဇေယျလမ်း၊ ရိုးကြီးလမ်းအစရှိသည့် လမ်းပိုင်းများရှိ လူနေအိမ်ခြေအိမ်ထောင်စု စုစုပေါင်း(၄၈၄)စု၊ လူဦးရေ (၁၉၆၈) ဦး လမ်းအနိမ့်ပိုင်းများ၌ပေ ၄၀၀ ခန့်စီ ရေဝင်နစ်မြုပ်လျက်ရှိရာ နှစ်စဉ် ဒါးကမြစ်ရေများ အသုတ်မြို့နှင့် ကြိမ်ချောင်း ချောင်းဘက်မှ လှည့်လည် ဝင်ရောက်လေ့ ရှိသော်လည်း ယခုနှစ်တွင် အတွင်းရေ လှည့်လည်ဝင်ရောက်မှု ပိုမိုမြန်ဆန် များပြားကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်းအတွင်း လတ်တလော ရေဝင်နစ်မြုပ်သော လမ်းများနှင့် လူနေအိမ်ခြေများ၏ ဆက်သွယ်သွားလာရေးနှင့် ရိက္ခာများထောက်ပံ့ လှူဒါန်းပေးနိုင်ရေး အတွက် မြို့သဘာဝဘေး ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရေး ကော်မတီနှင့် အမြန်ဆုံး ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်လျက် ရှိကြောင်း၊ ဆက်လက်နေထိုင်ရန် အခက်အခဲ ရှိသော အိမ်ခြေများကိုလည်း သက်ဆိုင်ရာ ကယ်ဆယ်ရေး စခန်းများသို့ အချိန်မီ ပြောင်းရွှေ့ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်သည်။ (Xinhua)