Environment, Disasters & Accidents
ထိန်ပင်အမှိုက်ပုံ မီးအပြီးသတ် ငြှိမ်းသတ်နိုင်
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)
လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန် အနောက်ဘက် အကျယ်အဝန်း ဧက ၃၀၀၊ အမြင့် ၁၀ ပေခန့်ရှိ အမှိုက်ပုံ မီးကြွင်းမီးကျန်များကို မေ ၈ ရက်တွင် မီးအပြီးသတ် ငြှိမ်းသတ်သွားနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ထိန်ပင် အမှိုက်ပုံမီးလောင်နေမှုကို မေ ၂ ရက်တွင် အပြီးသတ်ငြှိမ်းသတ် နိုင်ခဲ့ပြီးဖြစ်သော်လည်း အမှိုက်ပုံအောက်ခြေမှ ထွက်ရှိသည့် အပူငွေ့များကြောင့် စောင့်ကြည့်ငြှိမ်းသတ်မှုများပြုလုပ်ခဲ့ရာ မေ ၈ ရက်နေ့တွင် မီးငြှိမ်းသတ်မှု လုပ်ငန်းစဉ်များပြီးဆုံးသွားပြီဖြစ် ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားနေစဉ်အတွင်း အမှိုက်ပုံအတွင်းပိုင်းမှ လောင်ကျွမ်းနေ မှုနှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မဟာဗျူဟာအရ ဧပြီ ၂၉ ရက်မှ စတင်၍ (A,B,C,D) ဇုန်များပိုင်းခြား သတ်မှတ်ကာ တစ်ရက်လျှင် တစ်ဇုန်နှုန်းဖြင့် မေ ၂ ရက်တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း အမှိုက် ပုံအောက်ခြေမှ အပူရှိန်ကြောင့် ထွက်ရှိသည့် အပူငွေ့များကို ငါးရက်ကြာ ထပ်မံစောင့်ကြည့်ငြှိမ်းသတ် မှုများပြုလုပ်ခဲ့ရာ ယနေ့တွင် စိတ်ချရသည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်၍ မီးငြှိမ်းသတ်မှု လုပ်ငန်းစဉ်များ အားလုံး ပြီးဆုံးသွားပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ထိန်ပင်အမှိုက်ပုံကို ၂ဝဝ၁ ခုနှစ်ခန့်က စတင်ထားရှိ ခဲ့ကာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နေ့စဉ်ထွက်ရှိ သည့် အမှိုက်တန်ချိန် ၂၅ဝဝ အနက်မှ တန်တစ်ထောင်ကို ယင်း အမှိုက်ပုံတွင် နေ့စဉ်လာရောက်စွန့်ပစ်လျက်ရှိသည်။(Xinhua)