Environment, Disasters & Accidents
ထိန်ပင်အမှိုက်ပုံ အပြီးသတ်မီးငြှိမ်းနိုင်သော်လည်း မီးကြွင်းမီးကျန်များ ဆက်လက်ငြှိမ်းသတ်
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုကို ဇုန်အလိုက်သတ်မှတ် ကာ အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ် သော်လည်း ယနေ့တွင် မီးကြွင်းမီးကျန် များကို ဆက်လက် ငြှိမ်းသတ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
”မနေ့ကညပိုင်းမှာတော့ မီး အားလုံးငြိမ်းသွားခဲ့ပါပြီ၊ ဒါပေမယ့် အမှိုက်ပုံတွေအောက်မှာ ကျန်နေတဲ့ အပူရှိန်ကြောင့် အပေါ်ကို အငွေ့ နည်းနည်း တက်နေတာတွေရှိပါတယ်၊ အဲဒီ ကနေ မီးဖြစ်မှာ စိုးရိမ်တဲ့အတွက် Level-1 အဆင့်မီးငြှိမ်းသတ် ယာဉ်တွေ နဲ့ စောင့်ကြည့်ပြီး အငွေ့ထွက်နေတဲ့ နေရာတွေကို အပြီးသတ်လိုက်ဖြတ်နေ ပါတယ်၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာပါ၊ မီးငြှိမ်းသတ်မှုအပိုင်းကတော့ အပြီးသတ် ငြိမ်းသွားပါပြီ၊ စိတ်ချရတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု
မှော်ဘီမြို့နယ် မီးသတ်ဦးစီးမှူး တစ်ဦးက ပြောသည်။
ယခုအခါ မီးခိုးထွက်ရှိမှုနှင့် မီးကြွင်းမီးကျန်များ မရှိစေရန် ပူးပေါင်းအင်အား တစ်ရာခန့်ဖြင့် မီးလောင်ပြင်အား စောင့်ကြည့်မှုများ ပြုလုပ်၍ ငြှိမ်းသတ်ရသည့် အဆင့်သာ ရှိတော့ကြောင်း သိရသည်။
ထိန်ပင်အမှိုက်ပုံ မီးလောင်မှုသည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိ သူတို့နှင့်အတူ သန္ဓေမီးသတ် တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း များနှင့် ဆည်မြောင်းဝန်ထမ်းများ အပါအဝင် အင်အား ၉ဝဝ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် မီးလောင်မှု ဖြစ်ပွားပြီး ၁၂ ရက်အကြာ မေ ၂ ရက် ညပိုင်းတွင် မီးငြိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)