Environment, Disasters & Accidents
မာရသာ သံတွဲမြို့အနီးမှ ဖြတ်ကျော်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဆင့်မှ လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) သည် ရခိုင်ကမ်းရိုးတန်း ဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ ကုန်းတွင်း မုန်တိုင်းငယ် အဆင့်မှ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားပြီ ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဒေသ အလိုက် နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)