Environment, Disasters & Accidents
မုန်တိုင်းငယ်မြန်မာနိုင်ငံသို့ဝင်ရောက်မည့်အခြေအနေမရှိ၊ အဝါရောင်အဆင့်သတ်မှတ်
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression)တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်းမိုးဇလ၏ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ကြောင်းမိုးဇလမှ ထုတ်ပြန်ခဲ့သည်။ (Xinhua)