Environment, Disasters & Accidents
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “တစ်လီ” (TITLI) ၏အရှိန်ကြောင့် နောက်(၄၈)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် မိုးကြီးနိုင်
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “တစ်လီ” (TITLI) ၏အရှိန်ကြောင့် နောက်(၄၈)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ မြန်မာစံတော်ချိန်(၁၁း၀၀)နာရီအချိန်ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလ မှ အကြံပြုချက် ထုတ်ပြန်သည်။ (Xinhua)