Myanmar
မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
 
																								
												
												
											နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်၌ ပင်လောင်းမြို့နယ်အတွင်း မော်တော်ယာဉ်ပေါ်မှ ဘိန်းဆီခဲ ၇၄ ကီလိုဂရမ်၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ကီလိုဂရမ်၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းကွင်းဆက်များအရ အောက်တိုဘာလ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလိုဂရမ်၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၇၇၅ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ် ၁,၅၄၂ ဒသမ ၅ သိန်း)၊ ဘိန်းဆီခဲ ၇၄ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၄၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ဒသမ ၇၇၅ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆,၃၃၀)၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၅၀)၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၁၂၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၅၇၀)၊ (စုစုပေါင်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄၉၂၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မော်တော်ယာဉ် ၂ စီး၏ပိုင်ရှင် ရဲစိုးဦး(ခ)ရဲနိုင် (ဖမ်းဆီးရန်ကျန်) သည် မိုင်းရယ်မြို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများကို ကရင်ပြည်နယ်၊ ဘားအံမြို့သို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဘုတလင်မြို့နယ်နေ ရာဇာလင်း(ခ)မော်စီ (ဖမ်းဆီးရန်ကျန်)နှင့် ရှိုင်းဗိုလ်(ခ)ငမော့တို့အား သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)

 
									 
																	 
									 
																	 
									