Connect with us

Myanmar

မြန်မာနိုင်ငံ ပုသိမ်ကြီးမြို့နယ်တွင် ဘိန်းဖြူ ၅၅ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလယ်ပိုင်း ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၈.၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်‌ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ နိုဝင်ဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၆ ရက် ညနေ ၄ နာရီခွဲအချိန် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ ကျော်သူထိုက် မောင်းနှင်လာသော TOYOTA DYNA မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅၅ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ် ၁.၃၇၅ ဘီလီယံ)နှင့် စိတ်ကြွဆေးပြား ၅.၈ သန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၇.၆၂ ဘီလီယံ) ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၈.၉၉၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၇ ရက် နေ့လယ် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ကြည်အား မတ္တရာမြို့နယ်၊ ကပိုင်ကျေးရွာတွင် လည်းကောင်း၊ နိုဝင်ဘာလ ၁၄ ရက် ညနေ ၆ နာရီအချိန် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်မြိုင်(ခ)ကျော်ကြီး အား အမရပူရမြို့နယ်၊ မြစ်ငယ်တံတားအနီးတွင် လည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက် နံနက် ၈ နာရီခွဲအချိန် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဝေယျာစိုး(ခ)ကိုတိုး အား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူမှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)နေ မောင်ငယ်(ခ)စိုင်းမောင်ငယ်(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး နောင်ချိုမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)