Myanmar
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် တစ်ရက်အတွင်း ယာဉ်တိမ်းမှောက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၉ ဦးသေဆုံးကာ လူ ၂၀ ခန့် ထိခိုက်ဒဏ်ရာရ
နေပြည်တော်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
မြန််မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဧပြီ ၁၁ ရက် တစ်ရက်အတွင်း ယာဉ်တိမ်းမှောက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၉ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာကျေးရွာအုပ်စုအနီးတွင် ဧပြီ ၁၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးကာ လူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိက ဆိုသည်။
အလားတူ လားရှိုးမြို့နယ် ခေးနင်းကျေးရွာအနီးတွင် နေ့လည် ၂ နာရီ ဝန်းကျင်တွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းထိခိုက်ဒဏ်ရာရရှိသူများကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူလျက်ရှိကြောင်း ၎င်းက ပြောသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ယာဉ်များသည် မန္တလေး-မူဆယ်သို့ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းနှင့် လားရှိုး-မန္တလေးပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများဖြစ်ကြောင်း သိရသည်။(Xinhua)

ရှမ်းပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှုများအား တွေ့ရစဉ် ( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)
