Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရန် တပ်မတော်အနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST ) မှ အဖွဲ့ဝင်များ အားတွေ့ဆုံစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို အောင်မြင်စေရန် တပ်မတော်အနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST ) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ယင်းသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံဖြစ်လာစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ခဲ့မှုနှင့် NCA လက်မှတ် ရေးထိုးခဲ့ မှုအခြေအနေများ၊ တိုးတက်မှုအတွက် ညီညွတ်မှုဖြင့် စည်းကမ်းဥပဒေနှင့်အညီ ထိန်းသိမ်း လုပ်ဆောင်ကြရန် လိုအပ်သည့်အခြေအနေများ၊ နှစ် ၇၀ ခန့်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများအရ တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လုံးဝအထိအပွန်းမခံနိုင်သည့်အခြေအနေနှင့် ငြိမ်းချမ်းရေးမူ ၆ ရပ်ချမှတ်ပြီး အလေးထားလုပ်ဆောင်နေမှုအခြေအနေများကို ရှင်းလင်းပြောကြား၍ အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်း ရေးမူဝါဒများ၊ မိမိအဖွဲ့အစည်း၏ မူဝါဒများအပေါ်တွင်အခြေခံ၍ အကြိမ်ကြိမ်အခါခါ တွေ့ဆုံဆွေးနွေး ပြီးမှ NCA ကို လက်ခံလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်၍ NCA ၏ မူဝါဒများကိုသိရှိပြီး အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းကြရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။

PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက နိုင်ငံရေးအရ အမြင့်ဆုံးအဆင့်ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများသည် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ဘဲ နိုင်ငံရေးအရသာ ညှိနှိုင်းဆွေးနွေးဖြေရှင်းရမည်ဟု ခံယူကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် NCA ကို အခြေခံပြီးနိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ ငြိမ်းချမ်းရေးကိုရရှိသည်အထိ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား၍ အဖွဲ့ဝင်များက လတ်တလောရင်ဆိုင်နေရသည့် အခြေအနေအခက်အခဲများ၊ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက် သွားရမည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် အနေဖြင့် NCA နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားသည့်အခြေအနေများ၊ လတ်တလော ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ၏ ပကတိအခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအချို့နှင့် ကြုံတွေ့ခဲ့ရသည့် ပြဿနာအခြေအနေများ၊ ဥပဒေနှင့်အညီ စဉ်းစားလုပ်ဆောင်ရန် လိုအပ်မှုများ၊ ငြိမ်းချမ်းရေးကိစ္စရပ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွ့ဲအစည်းများနှင့် ဆက်သွယ်မှု ယန္တရား လျှင်မြန်ရေးကိစ္စရပ်များကို ပြန်လည်ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) ဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုးနှင့် အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ခွန်ဥက္ကာ၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)မှ ခွန်စိုင်းတို့ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.