Politics, Law & Military
ပြည်ထောင်စုနေ့ အခမ်းအနား၌ လုံခြုံရေးသတိများ လျှော့ချခြင်းမပြုဘဲ အထူးကြပ်ကြပ်မတ်မတ် စစ်ဆေး ဆောင်ရွက်ရန် ဒုတိယ သမ္မတဆို
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကျင်းပရာ၌ လုံခြုံရေးသတိများ လျှော့ချခြင်းမပြုဘဲ အထူးကြပ်ကြပ်မတ်မတ် စစ်ဆေး ဆောင်ရွက်ရန် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
တစ်နိုင်ငံလုံးအတွက် အလွန်အရေးကြီးသည့် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရရှိရေးကို ယနေ့အချိန်အခါတွင် အစွမ်းကုန်တည်ဆောက်နေပြီး ပြည်ထောင်စုနေ့ကို တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးအမြန် ဆုံးရရှိအောင် ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု (ပင်လုံ)အား အထောက်ကူပြုသည့် အနေအထားဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာ ငြိမ်းချမ်းရေးရရှိရေးအတွက် လုပ်ဆောင်သည့် အနေဖြင့် အမျိုးသားရေးဦးတည်ချက် ၄ ရပ်ကို အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၊ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဦးနိုင်သက် လွင်၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် ဆပ်ကော်မတီဝင်များ ဖြစ်ကြသည့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။(Xinhua)