Connect with us

Politics, Law & Military

မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးဟောင်း ရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော်၌ ပြုလုပ်သည့် ကျောက်မျက် ရန်ပုံငွေကိစ္စ ရှင်းလင်းပွဲ မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေမှ ဒေါ်လာသန်း ၈၀ ခန့်သည် ယခင် သတ္တုတွင်း ဝန်ကြီးဟောင်း အပါအဝင် သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များအကြား အဂတိ လိုက်စားမှုများတွင် ပါဝင်ကာ စာရင်းကွာနေပြီး ထိုရန်ပုံငွေမှ သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ဒေါ်လာ ခုနစ်သန်း ထုတ်ယူခဲ့သည်ဟု လူမှုကွန်ရက်နှင့် မီဒီယာများတွင် အမျိုးမျိုး ရေးသား ဖော်ပြနေမှုသည် မမှန်ကန်ကြောင်း သတ္တုတွင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က နေပြည်တော်တွင် ယနေ့နံနက် ပြုလုပ်သည့် သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့သည်။

အနုပညာ ဦးစီးဌာန အတွက် အဆောက်အအုံ ဆောက်ရန် အကြောင်းပြချက်ဖြင့် ဦးသိန်းစိန်က ဒေါ်လာ ခုနစ်သန်း ထုတ်ယူသွားသည်ဟု သံတော်ဆင့် သတင်းစာတွင် ဖော်ပြထားခြင်း အပေါ် သတ္တုတွင်း ဝန်ကြီးဟောင်းက “ကျောက်မျက် ဆိုတာ ပုဂ္ဂလိကပိုင် မဟုတ်ပါဘူး၊ ၅၂ သန်းသော ပြည်သူတွေ ပိုင်တာပါ။ ဒါကြောင့် ကျောက်မျက် ထွက်တဲ့ ဒေသရဲ့ ဖွံ့ဖြိုး တိုးတက်ရေး၊ သာရေး နာရေး တွေမှာရော ကျန်တဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာပါ ပြန်အကျိုးပြု လုပ်ပေးရမယ်လို့သမ္မတကြီးက လမ်းညွှန်ပါတယ်။ ဒါကြောင့် အနုပညာရှင်တွေ ရေရှည် ဖွံ့ဖြိုး တိုးတက်ဖို့နိုင်ငံတကာအဆင့်မီ Myanmar Art Center တွေ ဆောက်ဖို့လိုတယ်လို့သမ္မတကြီးက ညွှန်ကြား ပါတယ်။ ဒါကို ဆောက်ဖို့ ကျောက်မျက်ရတနာ အကျိုးတူ လုပ်ငန်းရှင်များအဖွဲ့ကို အလှူခံတော့ သူတို့ လှူတဲ့ငွေ (ဒေါ်လာ ခြောက်သန်း) နဲ့ မလောက်လို့ ကျောက်မျက်ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေထဲက ဒေါ်လာ တစ်သန်းပါ ဖြည့်ပြီး လှူပါတယ်။ အဲဒီ ခုနစ်သန်းကို သမ္မတကြီးက ထုတ်ယူသွားတာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ဘဏ်စာရင်းထဲကို လွှဲထားလိုက်တာပါ။ သုံးစွဲမှုတွေအားလုံးကို internal စာရင်းစစ်၊ ပြင်ပ စာရင်းစစ် (ဦးမောင်မောင်ထိပ်နဲ့အဖွဲ့) တွေနဲ့စစ်ပါတယ်။ ကြိုက်တဲ့ အချိန်မှာ ဝင်စစ်ကြည့်ပါ။ အဂတိ လိုက်စားမှုတွေ မရှိပါဘူး” ဟု ရှင်းလင်း ပြောကြားသည်။
အဆိုပါ နိုင်ငံတကာ အဆင့်မီ အနုပညာ ဗဟိုဌာန နှစ်ခုကို ရန်ကုန် အာလိန်ငါးဆင့် အနီးတွင် တစ်ခု၊ မန္တလေး ၇၃ လမ်းတွင် တစ်ခု တည်ဆောက်မည်ဖြစ်ပြီး နှစ်ခုလုံးအတွက် ကုန်ကျမည့် ဒေါ်လာ ခုနစ်သန်း (ကျပ်ငွေ ၈.၈ ဘီလီယံကျော်၊ တစ်ခုလျှင် ကျပ် ၄,၄၃၃ သန်းနှင့် ၉၈၃,၆၃၇ ကျပ်) တို့ကို တာဝန်ယူ ဆောက်လုပ်မည့် ကုမ္ပဏီထံ လွှဲအပ် စာချုပ် ချုပ်ဆိုထားပြီး ဖြစ်ကြောင်း၊ ထိုစာချုပ်အရ အနုပညာ ဗဟိုဌာန နှစ်ခုစလုံးကို ၂၀၁၇ မတ်လတွင် အပြီးဆောက်ရမှာ ဖြစ်ကြောင်းလည်း သတ္တုတွင်း ဝန်ကြီးဟောင်းက ရှင်းပြသည်။
မီဒီယာများတွင် အသင်းရန်ပုံငွေဟု ရောနှော သုံးစွဲထားသည်မှာလည်း မှားနေကြောင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေနှင့် မြန်မာ့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေဟူ၍ နှစ်မျိုးရှိကြောင်း၊ ထိုရန်ပုံငွေများမှ ရတနာ ပြပွဲ အသုံးစရိတ်များ၊ လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်း၊ သာရေး နာရေး လှူဒါန်းရေး များတွင် သုံးခြင်း၊ ကျောက်မျက်ကဏ္ဍ ဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရတနာ ထွက်ရှိရာ ဒေသ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကြောင့် မိမိလက်ထက်တွင် လက်ကျန် ဒေါ်လာ ၃၈ သန်းခန့်သာ ရှိတော့ကြောင်း လည်း ဒေါက်တာမြင့်အောင်က ပြောသည်။
ထို့အပြင် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းအား မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေမှ ဒေါ်လာ ငါးသန်း လွှဲပြောင်းပေးခဲ့ခြင်း မရှိကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးရုံး တိုးချဲ့ဆောက်လုပ်ရန် မိမိ (ဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်) တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဗဟိုကော်မတီ ရန်ပုံငွေမှ ဒေါ်လာတစ်သန်း ထုတ်ပေးခြင်းလည်း မရှိခဲ့ကြောင်း၊ နေပြည်တော်ရှိ မဏိရတနာ ခန်းမ၏ LED main ပြားနှင့် ဘေးနှစ်ချပ်နှင့် CCTV လုံခြုံရေး ကင်မရာ အချပ် ၃၀ အား မလိုအပ်ဘဲ လဲလှယ် တပ်ဆင်သည်ဟု မီဒီယာများက ရေးသားခြင်းမှာ မမှန်ကြောင်း၊ ယနေ့နံနက် သတင်းစာ ရှင်းပွဲတွင် သတ္တုတွင်း ဝန်ကြီးဟောင်းက ငြင်းဆိုခဲ့သည်။
ကျောက်မျက်ထွက်ရာ ဒေသတွင်း ဖွံ့ဖြိုးရေး (CSR) လုပ်ငန်းများ ဆောင်ရွက်ရန် ဖားကန့် ဒသအတွက် ကျပ်သိန်း သုံးထောင်၊ မိုးကုတ်ဒေသ အတွက် သိန်းနှစ်ထောင် ကိစ္စများတွင်လည်း အဂတိလိုက်စားမှု မရှိဘဲ နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်အရ ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ ဗဟို အလုပ်အမှုဆောင် ဦးသာထွန်းအား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ရန်ပုံငွေ အတွက် ဒေါ်လာ နှစ်သန်း ထုတ်ပေးခြင်းမှာလည်း ထိုအသင်း၏ တင်ပြချက်အရ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုခဲ့ပြီး ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေမှ ဒေါ်လာ နှစ်သန်းကို အသင်းသို့လွှဲပြောင်းပေးခြင်းသာ ဖြစ်ကြောင်း ဒေါက်တာမြင့်အောင်က ဖြည့်စွက် ရှင်းပြသည်။
လူမှုကွန်ရက်နှင့် မီဒီယာအချို့တွင် ပါရှိနေသည့် ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ်၏ ရန်ပုံငွေတွင် ဒေါ်လာ သန်း ၈၀ ခန့်ကွာဟနေပြီး အဂတိလိုက်စားမှုများ ရှိနေသည်ဆိုသော မီဒီယာများ၏ ဖော်ပြချက်များသည် မိမိ သတ္တုတွင်း ဝန်ကြီး အဖြစ် တာဝန်ယူထားသော ကာလတွင် ရှိသောကြောင့် မိမိက ရှင်းဖို့ တာဝန်ရှိသည်ဟု ယူဆသဖြင့် မိမိတစ်ဦးတည်း ပုဂ္ဂလိက ဆန္ဒဖြင့် ယခုကဲ့သို့ရှင်းလင်းရကြောင်းလည်း ၎င်းက ပြောသည်။
ယနေ့နံနက် နေပြည်တော် ရွှေကြာပင် ကျောက်မျက် ဈေးကွက်ရှိ ကျောက်မျက် သင်တန်းကျောင်း ခန်းမ အပေါ်ထပ်တွင် နံနက် ၉ း ၀၀ နာရီမှ ၁၁ း ၃၀ နာရီခန့်အထိ ပြုလုပ်ခဲ့သော သတင်းစာရှင်းပွဲသို့ သတ္တုတွင်း ဝန်ကြီးဟောင်းနှင့် အတူ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဟောင်း ဦးစိုးတင့်လည်း ပါဝင် ရှင်းလင်းခဲ့ ပြီး ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် အခြား စိတ်ဝင်စားသူများလည်း တက်ရောက် လေ့လာခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.