Connect with us

Politics, Law & Military

ရခိုင်စစ်ပွဲများ ရပ်စဲရေး အရေးကြီးအဆို ထောက်ခံမဲ သုံးပုံတစ်ပုံရသဖြင့် အမျိုးသားလွှတ်တော်၌ လက်ခံ ဆွေးနွေးရန် အတည်ပြု

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

အမျိုးသား လွှတ်တော်တွင် ယနေ့တင်သွင်းသော ရခိုင်ပြည်နယ် စစ်ပွဲများ ရပ်စဲပေးရေး အရေးကြီး အဆိုကို ဆွေးနွေးရန် မဲခွဲရာတွင် ထောက်ခံမဲ သုံးပုံ တစ်ပုံရသဖြင့် မေလ ၃ ရက်တွင် အမျိုးသား လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန် အတည်ပြု လိုက်ကြောင်း ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာ လိုက်သည်။

ယနေ့ အမျိုးသား လွှတ်တော် ဒုတိယအကြိမ် ပထမ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့၌ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော်အမတ် ဦးဝေစိန်အောင် တင်သွင်းလာသည့် ရခိုင်စစ်ပွဲများ ရပ်စဲပေးရေး အကြီး အဆိုကို လွှတ်တော်၌ ဆက်လက် ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ သုံးပုံတစ်ပုံ ရသဖြင့် ဆက်လက် ဆွေးနွေးရန် အမျိုးသား လွှတ်တော်က အတည်ပြု လိုက်သည်။

အမျိုးသား လွှတ်တော်တွင် ယနေ့ တက်ရောက်သော ကိုယ်စားလှယ် ၂၂၁ ဦး ရှိရာ တက်ရောက်လာသည့် ကိုယ်စားလှယ် သုံးပုံတစ်ပုံသည် ၇၄ ဦး ဖြစ်ပြီး ယနေ့ အရေးကြီး အဆိုကို ထောက်ခံသော ကိုယ်စားလှယ်သည် ၉၆ ဦး ရှိသဖြင့် သုံးပုံတစ်ပုံထက် ကျော်သော ထောက်ခံမဲ ရှိသောကြောင့် အရေးကြီး အဆိုကို ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ဆိုသည်။

အဆိုပါ ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော စစ်ပွဲများ ရပ်စဲရေး အဆိုကို မေလ ၃ ရက် အမျိုးသား လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးလိုသော ကိုယ်စားလှယ်များသည် ယနေ့ လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ စာရင်းပေးသွင်းရမည် ဖြစ်သည်။

တပ်မတော် နှင့် AA တပ်မတော်တို့ အကြား စစ်ပွဲများ အမြန်ဆုံးရပ်စဲပြီး AA တပ်မတော်အား နိုင်ငံရေး ဆွေးနွေးပွဲသို့ဖိတ်ခေါ်ပေးရန် အရေးကြီး အဆိုတွင် ဖော်ပြထားပြီး အဆိုပါ အရေးကြီးအဆိုကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဝင်ရောက် ဆွေးနွေးခဲ့သည်။

ယင်း အရေးကြီး အဆိုတွင် ပါရှိသည့် AA တပ်မတော် ဆိုသည့် အသုံးအနှုန်းကို ကန့်ကွက်ပြီး AA လက်နက်ကိုင် အဖွဲ့အနေဖြင့် အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်သင့်ကြောင်း၊ တပ်မတော် အနေ ဖြင့် ငြိမ်းချမ်းရေးကို အင်မတန် လိုလားကြောင်း ပြည်သူ တစ်ရပ်လုံးကို တိုင်တည်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.