Connect with us

Politics, Law & Military

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အထိမ်းအမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ယနေ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

အဆိုပါ ကော်မတီကို ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန ဥက္ကဋ္ဌ၊ စစ်ဥပဒေချုပ် စစ်ဥပဒေချုပ်ရုံး အဖွဲ့ဝင်၊ ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန အဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန အဖွဲ့ဝင်၊ ဒုတိယရှေ့နေချုပ် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အဖွဲ့ဝင်၊ တွဲဖက် စစ်ရေးချုပ် စစ်ရေးချုပ်ရုံး အဖွဲ့ဝင်၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး အဖွဲ့ဝင်၊ အမြဲတမ်း အတွင်းဝန် ပြန်ကြားရေး ဝန်ကြီးဌာန အဖွဲ့ဝင်၊ အမြဲတမ်း အတွင်းဝန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အဖွဲ့ဝင် ၊အမြဲတမ်း အတွင်းဝန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အဖွဲ့ဝင် ၊ ဒုတိယ စစ်ဥပဒေချုပ် စစ်ဥပဒေချုပ်ရုံး အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးနှင့် တပ်အင်အား ဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး တွဲဖက်အတွင်းရေးမှူး စသည်တို့ဖြင့် ဖွဲ့စည်း လိုက်သည်။
ယင်း ကော်မတီ၏ လုပ်ငန်း တာဝန်များသည် တပ်မတော် စစ်သား စုဆောင်းရေး တပ်များ၊ တပ်ဌာနချုပ်များ၊ လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့များ အနေဖြင့် တပ်သားသစ်များ စုဆောင်းရေး ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အမိန့်/ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု ရှိအောင် ကြပ်မတ် စိစစ်ရန်။
သတ်မှတ် ညွှန်ကြားချက်နှင့်အညီ စုဆောင်းရရှိသော တပ်သားသစ်များအား စစ်အခြေခံ လေ့ကျင့်ရေးတပ်များ၏ သင်တန်း ရွေးချယ် စိစစ်ရေး ဘုတ်အဖွဲ့မှ လာရောက် ရွေးချယ်မှုကို ကြပ်မတ်ရန်။ မိမိ သဘောဆန္ဒ အလျှောက် တပ်မတော်တွင် စစ်မှုထမ်းရန် လာရောက် စာရင်းသွင်းသော လူငယ်များထဲမှ သတ်မှတ်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိသူများအား လက်ခံ စာရင်းသွင်းခြင်း မပြုရန်။ စနစ်တကျ ရွေးချယ် စိစစ်ပြီးသော တပ်သားသစ်များအား စစ်အခြေခံ လေ့ကျင့်ရေးတပ်များ၌ လေ့ကျင့် သင်ကြားနေချိန်တွင် လည်းကောင်း၊ စစ်မှုထမ်းဆောင် နေချိန်တွင်လည်းကောင်း အသက် (၁၈) နှစ် မပြည့်သူများ၊ ဆန္ဒ မရှိသူများအား စိစစ်တွေ့ရှိပါက မိဘ အုပ်ထိန်းသူထံ ပြန်လည် လွှဲပြောင်းအပ်နှံရေး ဆောင်ရွက်ရန်။ ကော်မတီသည် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သော UNICEF, UNDP အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီအဖွဲ့များမှ ဌာနေ ကိုယ်စားလှယ်များနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှု ပိုမို ကျယ်ပြန့် လာအောင် ဆောင်ရွက်ရန်။ ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်းပြီး ကော်မတီ၏ လုပ်ဆောင်နေမှုများအား Media တွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန်။ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ သတ်မှတ်ထားသော ကလေးသူငယ်များနှင့် သက်ဆိုင်သည့် စံချိန်စံညွှန်းများအား တပ်မတော် စစ်သား စုဆောင်းရေး တပ်နှင့် စစ်အခြေခံ လေ့ကျင့်ရေး တပ်များရှိ တာဝန်ရှိသူများမှ သိရှိ လိုက်နာနိုင်ရေး အတွက် အခါအားလျော်စွာ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့် ပညာပေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်။ တပ်မတော်အတွင်း သတ်မှတ်ချက်နှင့် မကိုက်ညီသော စစ်မှုထမ်းများ မရှိအောင် ဆောင်ရွက်သွားရန်။ အတင်းအကြပ် ခေါ်ယူ စစ်မှုထမ်းဆောင်စေခြင်းမျိုး ပေါ်ပေါက်ပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်။ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အရွယ်မရောက်သေးသည်ကို သိလျက်နှင့် တပ်သားသစ် အဖြစ် လက်ခံခြင်းကိစ္စ ပေါ်ပေါက် ပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန်။ ကော်မတီ၏ ဆောင်ရွက်ချက်များကို အမြဲမပြတ် မှတ်တမ်းတင် သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်ပြီး Policy Development ဖြစ်ရေး ဆောင်ရွက်ရန်။ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသော နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေခြင်းတို့အား မျက်ခြည်မပြတ် စောင့်ကြည်၍ လုပ်ဆောင် ချက်များတွင် ချို့ယွင်း အားနည်းချက်များ ရှိလာပါက သက်ဆိုင်ရာသို့ အသိပေးပြီး အချိန်မီ ပြုပြင်သွားစေရန်တို့ ဖြစ်သည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအနေဖြင့်“မူ” အရ ဆုံးဖြတ်ခြင်း မပြုနိုင်သော ကိစ္စများ ပေါ်ပေါက်ပါက နိုင်ငံတော် သမ္မတရုံးသို့ တင်ပြ ဆောင်ရွက်ရန် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.