Politics, Law & Military
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၇ဦးသေ၊၆ဦး ဒဏ်ရာရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ သစ်ဆင်ကျေးရွာအနီး ကြက်သွန်ကွင်း-မကျည်းစင် ကားလမ်းမိုင်တိုင်(၂၆/၄)ကုန်းဆင်း၌ ဖေဖော်ဝါရီ ၁၀ ရက်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ယာဉ်သည် လူ၁၃ဦးနှင့် ဝါးလုံး ၂၅၀၀ခန့် တင်ဆောင်လာစဉ် ဘရိတ်ပေါက်ပြီး ကားနောက်ဘီးမှာ လမ်းယာဘက်ရှိ ရေမြောင်းအတွင်းသို့ထိုးကျ၍ ယာဉ်ပေါ်ပါသူများ မြေပြင်ပေါ်သို့ပြုတ်ကျကာ ထိုသူများပေါ်သို့ ဝါးလုံးများ ထပ်မံပြုတ်ကျခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ၁၃ ဦးအနက် အမျိုးသား ၄ဦးနှင့် အမျိုးသမီး ၃ဦးတို့သည် နောက်စေ့ဖူးရောင်ပေါက်ပြဲ၊ လက်/ခြေ/နံရိုး ကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ကျန် ဒဏ်ရာရရှိသူ ၆ဦးအား သာပေါင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း မျိုးမင်းဌေး(ဖမ်းမိ)အား သာပေါင်းမြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)