Connect with us

Politics, Law & Military

၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေရန် ၁၀၀ ရာခိုင်နှုန်း အာမခံဟု ကော်မရှင် ဥက္ကဌဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အား ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် ၁၀၀ ရာခိုင်နှုန်းထိ အာမခံနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးမည် ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို ဥပဒေနှင့် တိုင်းတာ မည်ဖြစ်ကြောင်း ဥက္ကဌက ဆိုသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကျပ် ၄၄ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း ၎င်းက ပြောသည်။ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ၄ ဖွဲ့လာရောက်ရန် ကော်မရှင်ထံ အကြောင်းကြား ထားပြီး ကော်မရှင် အနေဖြင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များကို အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်း၊ ပြည်တွင်း လေ့လာရေး အဖွဲ့အနေဖြင့် လက်ရှိချိန်ထိ နှစ်ဖွဲ့သာ စာရင်းပေး ထားကြောင်း ဥက္ကဌ ဦးတင်အေးက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်က ပြဋ္ဌာန်းထားသော စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီဟု ဆိုကာ သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချသော ကိုယ်စားလှယ် လောင်းစုစုပေါင်း ၈၈ ဦးရှိပြီး ကချင်မှ ၁ ဦး၊ ကယားမှ ၂ ဦး၊ ကရင်မှ ၅ ဦး၊ စစ်ကိုင်း ဒေသကြီးမှ ၁ ဦး၊ ပဲခူး ဒေသကြီးမှ ၉ ဦး၊ မကွေး ဒေသကြီးမှ ၂ ဦး၊ မန္တလေး ဒေသကြီးမှ ၄ ဦး၊ ရခိုင် မှ ၂၈ဦး၊ ရန်ကုန် ဒေသကြီးမှ ၂၄ ဦးနှင့် ရှမ်း မှ ၁၁ ဦးတို့ ပါဝင်ကြောင်း ကော်မရှင် ဥက္ကဌက ပြောသည်။

ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို နိုင်ငံတဝန်းမှာ စက်တင်ဘာလ ၁၄ ရက် မှ ၂၇ ရက်ထိ ၁၄ ရက်ကြာ ကြေညာပေး ထားမည်ဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားမှ မဲပေးပိုင်ခွင့်ရှိသူ ၁၈,၀၀၀ ကျော် ရှိနေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.