Connect with us

Politics, Law & Military

၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၁ သိန်းကျော်ရှိ

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ် အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်မဲပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၆၁ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၅၇ ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅၂ ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၂)လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃၃ ဦး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦးနှင့် တစ်သီးပုဂ္ဂလမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၂ ဦး အသီးသီး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံပေါင်း ၅,၈၀၉ ရုံ ပြင်ဆင်ဆောင်ရွက်ထားပြီး မဲရုံများတွင် မဲရုံမှူး၊ ဒုမဲရုံမှူးအပါအဝင် အဖွဲ့ဝင် တစ်သောင်းကျော် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူဦးရေ ရှစ်သိန်းခန့်ရှိပြီး COVID-19 ရောဂါ ကူးစက်မှုမရှိစေရန်အတွက် ကြိုတင်ဆန္ဒမဲ အိမ်တိုင်ရာရောက် ကောက်ယူရာ ဆန္ဒမဲပေးသူဦးရေ ခုနစ်သိန်းကျော် ရှိကြောင်း သိရသည်။

” COVID-19 မကူးစက်အောင် မဲရုံတွေမှာ စီစဉ်ပေးထားပါတယ်၊ရောဂါကြီးကြောက်ပြီး မပေးဘဲမနေလိုက်ရအောင် ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်မှုတွေအတိုင်း စီစဉ်ထားပါတယ်၊ မနက်ဖြန်မဲရုံကို အားလုံး မဲလာပေးကြပါ “ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသို့ပြောသည်။

နိုဝင်ဘာ (၈)ရက် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန်အတွက် တစ်နိုင်ငံလုံးရှိ မဲရုံများကို နံနက်(၆)နာရီမှ ညနေ (၄)ထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

အဆိုပါ ၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇သန်းကျော်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.