Connect with us

Politics, Law & Military

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဘိန်းဖြူ ၁၁ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်ဖြင့် ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARက ထုတ်ပြန်သော သတင်းအရ သိရသည်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း မူးယစ် ဆေးဝါး အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးအား LIGHT TRUCK ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူ ၁၁ ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများ အရောင်းအဝယ်ပြုလုပ်ရာတွင် ၁၀ ရာခိုင်နှုန်း အကျိုးဆောင်ခဖြင့် ပွဲစားပြုလုပ်ပေးသူ အမျိုးသမီးတစ်ဦးအား ပြည်ကြီးတံခွန်မြို့နယ်တွင်လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အမျိုးသား ၃ဦးကို ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့၏ဖော်ထုတ်ချက်အရ ဘိန်းဖြူများရောင်းချခိုင်းသူအား ဘိန်းဆီခဲ ၂၅ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊၁၂၄ x ၁၂၅ လမ်းကြားရှိဂိုဒေါင်ကို ငှားရမ်း၍မူးယစ်ဆေးဝါးများ ထိန်းသိမ်းထားကြောင်း၊
အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သတ်ပြီး ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းရငွေများအား အဆင့်ဆင့်လွှဲပြောင်းလက်ခံယူသူများဖြစ်ကြောင်း သိရှိရပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄၂ သိန်းနှင့် ဘိန်းဆီခဲ ၂၅ ဂရမ်တို့ကို မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.