Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော နယ်မြေဒေသများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေရောက်ရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် NRPC မေတ္တာရပ်ခံ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့၌ ဆန္ဒမဲပေးသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော နယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့်အခြေအနေ ရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် အထူး မေတ္တာရပ်ခံကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) က ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော နယ်မြေဒေသများ ၊ ယင်းနယ်မြေဒေသများရှိ ပြည်သူများအားလုံးအတွက်လည်း အထူးပင် စိတ်မကောင်း ဖြစ်ရကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အား COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပခဲ့ရာတွင် တိုင်းရင်းသားပြည်သူများ ဘေးကင်းလုံခြုံအေးချမ်းတည်ငြိမ်စွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် အရေးကြီးသည့် အဆင့်တစ်ဆင့်ဖြစ်ပြီး အဖက်ဖက်မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို ကျေးဇူးဥပကာရ အထူးပင် တင်ရှိကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Nationwide Ceasefire Agreement-NCA) လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၊ NCA လက်မှတ် ရေးထိုးရန် ဆွေးနွေး ညှိနှိုင်းဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မူလက သတ်မှတ်ကြေညာခဲ့ရာတွင် စုစုပေါင်း ၁၁၇၁ နယ် ရှိသည့်အနက် ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့်နယ်မြေများအား ထပ်မံထုတ်ပြန်ခဲ့ပြီးနောက် စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၁၁၇ နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး ၊ နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.