Politics, Law & Military
NCA စာချုပ်၌ လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ဆိုင်ရာ အစည်းအဝေး ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)တွင် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အပါအဝင် နိုင်ငံရေး ပါတီများနှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ အဖွဲ့ဝင်များသည် ယနေ့ ရန်ကုန်မြို့တွင် ၈ ကြိမ်မြောက် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် အစည်းအဝေး ကျင်းပလျက် ရှိသည်။
“ဒီကနေ့ ဆွေးနွေးပွဲက အလွတ်သဘော ဖြစ်ပေမဲ့ အရေးပါတယ် အရေးကြီးပါတယ် ဒီဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ က စခဲ့ပြီး အခုအကြိမ်က ( ၈ ) ကြိမ်မြောက် ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) မှ အထူးအကြံပေး ဦးလှမောင်ရွှေ က ပြောသည်။
၈ ကြိမ်မြောက် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် အစည်းအဝေး (ဓာတ်ပုံ- U nyo own myint facebook)
အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် အစည်းအဝေးကို ယနေ့ ရန်ကုန်မြို့ရှိ Green Hill Hotel တွင် ကျင်းပနေပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ် ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့၊ နိုင်ငံရေးပါတီ ၅၆ ခု မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ကိုယ်စားလှယ်များ ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ အဖွဲ့ဝင်များ၊ EBO Myanmar ၊ ဗေဒါ Institute တို့ တက်ရောက် ဆွေးနွေးလျက် ရှိသည်။
ယင်းအစည်းအဝေးတွင် အခြေခံမူများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လမ်းပြမြေပုံ၊ လုပ်ပိုင်ခွင့် အခွင့်အာဏာနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ လုပ်ငန်းစဉ်၊ ပါဝင်မှု အစုအဖွဲ့ အချိုးအစားနှင့် အားလုံးပါဝင်ရေး ကိစ္စများ ဆွေးနွေးမည် ဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့အကြား တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် “Nationwide Ceasefire Agreement” (NCA) ကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ ပြီးနောက် ယင်းစာချုပ်ပါ အခန်း (၅) အပိုဒ် (၂၁) အပိုဒ်ခွဲ (က) (၁) အရ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး “Joint Implementation Coordination Meeting” (JICM) ကို ယင်းနေ့ မွန်းလွဲပိုင်းတွင် စတင် ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ JICM ကို နိုဝင်ဘာလအတွင်း ဒုတိယအကြိမ် ထပ်မံ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ပထမအကြိမ် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးရာတွင် မပါဝင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဂုဏ်သိက္ခာ ရှိစွာ ပူးပေါင်း ပါဝင်လာနိုင်ရေး အတွက် နှစ်ဖက် ကြိုးပမ်း ဆောင်ရွက် သွားရန် သဘောတူ ခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်း အစည်းအဝေးကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်၍ အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် နေပြည်တော်ရှိ Max Hotel ၌ ဆက်လက် ကျင်းပပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ “Joint Monitoring Committee” (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲေ ကာ်မတီ “Union Peace Dialogue Joint Committee” (UPDJC) များကို ဖွဲ့စည်းနိုင် ခဲ့ကြသည်။ (Xinhua)