Connect with us

Social

မဟာသြင်္ကန်ပွဲတော်ကို နိုင်ငံတကာက စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မဟာသြင်္ကန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြီး နိုင်ငံတကာက စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

၁၃၇၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကြီးကို ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဆွေးနွေးပွဲများ လုပ်ခဲ့သည်မှာ ၁၃ ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း၊ ဆွေးနွေးမှုအဆင့်ဆင့်ကိုလည်း ကြားထဲမှာ ဆောင်ရွက်ခဲ့ပြီး ရည်မှန်းချက်က မဟာသြင်္ကန်ပွဲတော်ကြီးမှာ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေနှင့်အညီ ကျင်းပနိုင်ရန်နှင့်နိုင်ငံတကာက စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း၊ ၎င်းကယခု တစ်နှစ်ထဲကိုပဲ မျှော်မှန်းသည်မဟုတ်ဘဲ ရေရှည်အတွက် ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်၁၁နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၃)၌ ကျင်းပခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်က “ ရန်ကုန်မြို့ရဲ့ မြို့လယ်ကောင်ဖြစ်တဲ့ ဆူးလေဘုရား ဝန်းကျင်တစ်ဝိုက်ကို လမ်းလျှောက်သြင်္ကန်ရယ်၊ ဗဟိုမဏ္ဍပ်ရယ်ကို တွဲပြီး ကျင်းပနိုင်ဖို့အတွက်နဲ့ ရန်ကုန်မြို့ရဲ့ အဓိက လမ်းမကြီးထဲကနေပြီးတော့ ကမ္ဘာအေးဘုရားလမ်းကို အရေးပေါ်ထွက်လမ်းအဖြစ် ထားရှိပြီး ကျန်တဲ့ပြည်လမ်းမတို့ ဝေဇယန္တာလမ်းတွေဘက်မှာ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကန်တော်ကြီးပတ်လမ်းမှာ လမ်းလျှောက်ပွဲတွေကို ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကန်ပတ်လမ်းမဟုတ်ဘဲ ကန်တွင်းမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သြင်္ကန်မဏ္ဍပ်များကို ဆောက်လုပ်နေကြပြီဖြစ်၍ ဒီကနေ့အစည်းအဝေးမှာ နောက်ဆုံး အဆုံးအဖြတ်လုပ်ရမည့် ကိစ္စတွေကို ဆုံးဖြတ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ကော်မတီ တစ်ခုချင်းစီ ပြင်ဆင်ထားမှု အခြေအနေတွေကို ရှင်းလင်းပြီး အခက်အခဲ ဖြစ်နေရင် ပေါင်းစပ်ညှိနှိုင်းပေးမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေ အားလုံးထဲမှာ ခရီးသွားလုပ်ငန်းတွေကို တိုးမြှင့်စေချင်တယ်။ စီးပွားရေးလုပ်ငန်းတွေကို ပြန်ပြီး တိုးမြှင့်စေချင်တယ်။ နိုင်ငံတကာရဲ့အမြင်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ မတူညီဘူးဆိုတာကို လက်တွေ့ကျကျ ပြသနိုင်ဖို့အတွက် စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပမှုတွေကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားသိုက်မြိုက်အောင် ဆောင်ရွက်သွားမှာ ဖြစ်သလို လစဉ်လတိုင်းမှာလည်း တကယ့်ကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ တိုးမြှင့်လာနိုင်ဖို့အတွက်လည်း ဈေးပွဲတော်ကြီးတွေ အခြားအခြားသော မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်တွေကို ကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုးနှင့်

လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးနှင့်ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ၊ မဏ္ဍပ်နေရာချထားရေး နှင့် ကြံ့ခိုင်မှုစစ်ဆေးရေးလုပ်ငန်းကော်မတီ ၊မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍရေးနှင့်ငွေစာရင်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ၊လူမှုရေးနှင့်ဘာသာရေးဆိုင်ရာလုပ်ငန်းကော်မတီ ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီ ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ တို့မှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.