Social
ရခိုင်ပြည်နယ်၌ သြင်္ကန်ကာလအတွင်း ရဲတပ်ဖွဲ့ဝင် အင်အား ၁,၂၉ဝ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်သွားမည်
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်မှာ မဟာသြင်္ကန်ပွဲတော် ကာလအတွင်း နယ်မြေလုံခြုံရေးကို တပ်ဖွဲ့ဝင် အင်အား ၁,၂၉ဝ ကျော်ဖြင့် အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း စည်းသုံးစည်းဖြင့်လုံခြုံရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။
ထို့ပြင် ”အဝေးစည်းလုံခြုံရေးမှာ သက်ဆိုင်ရာတပ်မတော် တိုင်းစစ်ဌာနချုပ်က ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ ၊ အရန် မီးသတ်တပ်ဖွဲ့ ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆက်လက် ပြောကြားသည်။
၂ဝ၁၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသြင်္ကန်ပွဲတော်တွင် ရခိုင်ပြည်နယ် အနေဖြင့် ခရိုင်၊ မြို့နယ် အသီးသီးတို့တွင် မဏ္ဍပ်ကြီး နှစ်ခု၊ မဏ္ဍပ်လတ် ၁၅ ခု၊ မဏ္ဍပ်သေး ၂၄ ခု စုစုပေါင်းမဏ္ဍပ် ၄၁ ခု တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာ သြင်္ကန်ပွဲတော်ကာလအတွင်း ပြည်သူလူထု အေးချမ်းပျော်ရွှင်ပြီး ဘေး အန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ရေး အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အသီးသီးတွင် ကွပ်ကဲမှုရုံးပေါင်း ၁၇ ခု ဖွင့်လှစ် ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
မဟာသြင်္ကန်ပွဲတော်ကာလအတွင်း အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ လာရောက်ပါက အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းကြောင်း လုံခြုံရေးကို တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၅ဝ ဖြင့် လည်းကောင်း၊ လူပုဂ္ဂိုလ်လုံခြုံရေးကို တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၂၃ ဦးဖြင့် လည်းကောင်း၊ ယာဉ်တန်းလုံခြုံရေးကို တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၃၆ ဦးဖြင့် လည်းကောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ကြီးကြပ်ကွပ်ကဲ၍ လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)