Social
ရန်ကုန်မြို့ပြအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာ ထွက်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာတွင် YHT၏ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျှော်မှန်းချက်နှင့် နည်းဗျူဟာများပါဝင်သော “ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာ” (YHS) ကို ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ မဟာဗျူဟာတွင် စိမ်းလန်းနယ်မြေများ တိုးချဲ့ရေးမှစ၍ ရန်ကုန်မြို့လယ်ရှိ လမ်းစနစ်များကို အဆင့်မြှင့်တင်ပြီး အနာဂတ်တွင် နိုင်ငံတကာ အနုပညာနှင့် ယဉ်ကျေးမှု အချက်အချာမြို့ဖြစ်လာရေးအထိ စုံလင်သော လုပ်ငန်းစီမံချက် ၂၄ ရပ် ပါဝင်ပါသည်။
“ဒါဟာ မြို့ပြပင်မစီမံကိန်းတစ်ခု မဟုတ်ပါဘူး၊ ပင်မစီမံကိန်းဆိုတာ အစိုးရက ဆောင်ရွက်ရမှာပါ။ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေ၊ အစိုးရ၊ စီးပွားရေးနဲ့ ရန်ကုန်မြို့မှာ နေထိုင်လုပ်ကိုင်နေကြတဲ့ သာမန်မြို့ခံတွေနဲ့ ဆွေးနွေးမှုတွေကနေ ရရှိလာတဲ့ ကျွန်တော်တို့ရဲ့ စိတ်ကူးနဲ့ အကြံဉာဏ်တွေကို ဒီမဟာဗျူဟာထဲမှာ စုစည်းတင်ပြထားတာပါ။ အစိုးရအတွက်လည်း အကျိုးရှိပြီး အများပြည်သူတွေ ဆွေးနွေးညှိနှိုင်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့ မျှော်လင့်ပါတယ်။” ဟုYHT၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။
ရန်ကုန်မြို့၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု လမ်းမှန်ပေါ်ရောက်ရှိလာရန် မဟာဗျူဟာက ထောက်ပံ့နိုင်မည်ဖြစ်ပြီး တည်ဆောက်ပြီးဖြစ်သော ယဉ်ကျေးမှုနှင့် သဘာဝဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ တန်ဖိုးနှင့် အကျိုးကျေးဇူးများကို အသားပေးဖော်ပြထားကြောင်း၊အနာဂတ်တွင် ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်စေသော အခွင့်အရေးမှန်သမျှကို ရယူနိုင်လျှင် စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း YHT၏ ဒုတိယ ဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်က ဆိုသည်။(Xinhua)