Connect with us

Sport

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံ အောင်နိုင်မှုရရှိရေး ကြိုးပမ်းရန် ဒုသမ္မတ တိုက်တွန်း

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံပေါင်း ၁၁နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အားကစား နည်းအမျိုးအစားအားလုံးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်မှုရရှိရေးတို့အတွက် ကြိုးစား ဆောင်ရွက်သွားရန် ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တိုက်တွန်း ပြောကြားသည်။

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၁၁)နိုင်ငံမှ အားကစားသမား (၂ဝဝဝ)ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရှိရကြောင်း၊ ယှဉ်ပြိုင်မည့် အားကစားနည်းများ အနေဖြင့် ယခင်က (၁၆)မျိုး သတ်မှတ်ထားသော်လည်း ယခုတင်းနစ်အားကစားနည်းကို ထပ်မံ ဖြည့်စွက်လိုက်သည့်အတွက် အားကစားနည်း ( ၁၇ )မျိုးဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ(၁၇)မျိုးကို အားကစားနည်းအလိုက် ပြိုင်ပွဲပေါင်း(၂ဝ၁)မျိုးဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအားလုံးအတွက် ရွှေတံဆိပ်ဆုပေါင်း (၂ဝ၁) ခုနှင့်အတူ ငွေတံဆိပ်နှင့် ကြေးတံဆိပ် များကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆိုသည်။

ယခုကျင်းပမည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ သည် မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည် ဖြစ်သည့်အတွက် အားကစားပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် တက္ကသိုလ်အားကစားသမားများ အောင်မြင်မှုရရှိနိုင်ရေး တို့အတွက် ဦးစီးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ အနေဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် သမ္မတက ပြောသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ (၁ဝ) ရက်မှ (၁၉)ရက်အထိ (၁ဝ)ရက်ကြာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.