Connect with us

Economy

ICBC ရန်ကုန်ဘဏ်ခွဲက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် RMB စီးပွားရေးဖိုရမ် အောင်မြင်စွာ ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
နယ်စပ်ဖြတ်ကျော် RMB ဆိုင်ရာ မူဝါဒများ၊ စနစ်များနှင့် အသုံးချမှု အခြေအနေများကို မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလုပ်ဖော်ကိုင်ဖက်များ ပိုမိုနားလည်စေရန်၊ တရုတ်နှင့် မြန်မာကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး ICBC ရန်ကုန်ဘဏ်ခွဲက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် RMB စီးပွားရေးဖိုရမ်တစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဖိုရမ်အား ရန်ကုန်မြို့၌ စက်တင်ဘာ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှု ဖလှယ်ရေးတွင် ICBC ရန်ကုန်ဘဏ်ခွဲ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကို အပြည့်အဝအတည်ပြုခဲ့ပြီး ICBC ရန်ကုန်ဘဏ်ခွဲနှင့် ဖလှယ်မှုများ၊ RMB ငွေကြေးဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် မြန်မာဘဏ်လုပ်ငန်းအဖွဲ့အစည်းများအား တွန်းအားပေး တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံး သံမှူးကြီး Mr. Ouyang Daobing က ICBC ရန်ကုန်ဘဏ်ခွဲသည် နိုင်ငံတော်၏ နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ အခြေခံ အုတ်မြစ်များ တည်ဆောက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကာ “Belt and Road” ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုကြောင်း၊ ယင်းဖိုရမ်သည် တရုတ်နှင့် မြန်မာ ဘဏ္ဍာရေး လုပ်ဖော်ကိုင်ဖက်များအတွက် နယ်စပ်ဖြတ်ကျော် RMB လုပ်ငန်းကို ဖလှယ်နိုင်ရန် အခွင့်အလမ်းပေးသည့် ပလက်ဖောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘဏ်လုပ်ငန်းအသင်းနှင့်လုပ်ငန်းတူအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အဆိုပါဆက်သွယ်ရေးပလက်ဖောင်းကို ပံ့ပိုးပေးသည့်အတွက် ရန်ကုန်ဘဏ်ခွဲအားကျေးဇူးတင်ရှိကြောင်းနှင့် နယ်စပ်ဖြတ်ကျော် RMB လုပ်ငန်းသည် နှစ်နိုင်ငံဘဏ္ဍာရေးပူးပေါင်းဖလှယ်မှုကို တစ်ဆင့်တိုးမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ICBC ရန်ကုန်ဘဏ်ခွဲက နယ်စပ်ဖြတ်ကျော် RMB လုပ်ငန်းအကြောင်းအရာများနှင့် လက်တွေ့လုပ်ဆောင်ချက်တို့ကို မိတ်ဆက်ခဲ့ပြီး မြန်မာ့ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ဖော်ကိုင်ဖက်များနှင့် တက်ကြွစွာဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ICBC ရန်ကုန်ဘဏ်ခွဲ၏ အထွေထွေမန်နေဂျာ Liu Ming က အနာဂတ်တွင် ICBC သည် ၎င်း၏ဝန်ဆောင်မှုဆိုင်ရာ အားသာချက်များကို ပိုမိုအသုံးချကာ နယ်စပ်ဖြတ်ကျော် RMB လုပ်ငန်းဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဖလှယ်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ RMB ၏ နိုင်ငံတကာအသွင်ကူးပြောင်းမှုကို စဉ်ဆက်မပြတ်မြှင့်တင်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှု၊ အဆင့်မြင့်ပြည်ပသို့ တံခါးဖွင့်လှစ်မှုအတွက် ပံ့ပိုးကူညီမှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် RMB စီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံး သံမှူးကြီး Mr. Ouyang Daobing ၊ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦးတို့ အပါအဝင် လူ (၅၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)