Social
နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သေဆုံးခဲ့သူများအတွက် ပြည်တွင်းပြည်ပတွင် တစ်ပြိုင်နက် အောက်မေ့ဖွယ်ဂါရဝပြုအခမ်းအနားသို့ သံမှူး Mr. Yu Jinfeng တက်ရောက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဒီဇင်ဘာလ ၁၃ ရက်တွင် Overseas Chinese Association of Nanjing ၏ မေတ္တာရပ်ခံတောင်းဆိုမှုဖြင့် မြန်မာနိုင်ငံရှိတရုတ်နွယ်ဖွားများသည် ရန်ကုန်မြို့ရုံးခွဲ၌ နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သေဆုံးခဲ့သူများအတွက် ပြည်တွင်း ပြည်ပတွင် အောက်မေ့ဖွယ်ဂါရဝပြုအခမ်းအနားကို တစ်ပြိုင်နက်ကျင်းပခဲ့ကြကြောင်း သိရသည်။
တရုတ်-မြန်မာ နယ်ပယ်အသီးသီးမှ ဧည့်သည်တော်ပေါင်း တစ်ရာနီးပါး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Yu Jinfeng တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

သံမှူး Mr. Yu Jinfeng က နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သေဆုံးခဲ့ရသော မွေးချင်းညီအစ်ကိုများအတွက် နက်ရှိုင်းစွာဝမ်းနည်းကြေကွဲ၍ ဂါရဝပြုကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဖက်ဆစ်ဂျပန်ကို ပူးပေါင်းခုခံ တိုက်ခိုက်ခဲ့သည့် ရဲဝံ့သည့်သမိုင်းကို ပြန်လည်အမှတ်ရခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ သမိုင်းမှသင်ခန်းစာယူပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကာ တရုတ်-မြန်မာ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေ၍ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်ရေးကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဇော်က မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး၏တန်ဖိုးကိုနက်ရှိုင်းစွာနားလည်သိရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းတို့သည် စစ်ဝါဒီပြန်လည်နိုးထလာမှုကို သတိထားစောင့်ကြည့် ရမည်ဖြစ်ကြောင်း၊ သမိုင်းကိုမှတ်သား၍ တရားမျှတမှုကို ကာကွယ်ပြီး ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော ဒေသဆိုင်ရာစနစ်ကိုတည်ဆောက်ပြီး ဒေသငြိမ်းချမ်းရေးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တက်ရောက်လာသူများအားလုံးသည် နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဆိုင်ရာ သမိုင်းဓာတ်ပုံပြပွဲကို ကြည့်ရှုခဲ့ကြပြီး၊ နန်ကျင်းမြို့ ပင်မနေရာ၌ ကျင်းပသည့် နိုင်ငံတော်အဆင့် ဂါရဝအခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် “ငြိမ်းချမ်းရေး ကြေညာစာတမ်း”ကို တညီတညွတ်တည်း ရွတ်ဖတ်ခဲ့ကြပြီး၊ နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် သေဆုံးခဲ့သူများအား လွမ်းသူ့ပန်းခွေများဖြင့် အောက်မေ့ဂါရဝပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)
#နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု #ဖက်ဆစ်ဂျပန်ကိုပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည့်ရဲဝံ့သည့်သမိုင်း
