Africa & Middle East
အီရန်အနောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့်မြေငလျင်ကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၁၀၅ ယောက် ရှိပြီဖြစ်
တီဟီရန် ၊ မေလ ၃ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံအနောက်ပိုင်း Kohgiluyeh and Boyer-Ahmad ပြည်နယ်တွင် မေလ ၂ ရက်က ပြင်းအား ၅.၂ အဆင့်ရှိငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရသူ အရေအတွက်မှာ အနည်းဆုံး ၁၀၅ ဦးအထိ တိုးမြင့်လာပြီဖြစ်ကြောင်း မေလ ၃ ရက်သတင်းများအရ သိရှိရသည်။
ယခုငလျင်မှာ မေလ ၂ ရက်နေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၃၈ မိနစ်က Sisakht မြို့အနီးကို ဗဟိုပြု ပြီး လှုပ်ခတ်ခဲ့ရာ ငလျင်အနက် ၈ ကီလိုမီတာရှိကြောင်း အီရန်ငလျင်တိုင်းထွာရေးစင်တာက ပြောကြားထားသည်။
Sisakht မြို့တွင် ငလျင်လှုပ်ခတ်မှုပြင်းထန်သောကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး မြို့ရှိလမ်းများနှင့် ရေပိုက်လိုင်းအချို့ ပျက်စီးမှုများရှိသည့်အပြင် ဆက်သွယ်ရေးနှင့်လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ရှိသည်ဟု အီရန် နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။
ယခုဖြစ်ပွားသည့်ငလျင်မှာ အင်အားပြင်းငလျင်မဟုတ်သော်လည်း ငလျင်အနက်တိမ်သောကြောင့် ပျက်စီးမှု အတော်များပြားကြောင်း ၊ Sisakht မြို့အနီးရှိကျေးရွာများတွင် တောင်ပြိုခြင်း စသည့် ငလျင်နောက်ဆက်တွဲဘေးဒုက္ခများဖြစ်ပေါ်နေကြောင်း၊ ယခုအခါ အခင်းဖြစ်ပွားသောနေရာသို့ ကယ်ဆယ်ရေးဝန်ထမ်းများ သွားရောက်ပြီး ဒဏ်ရာရသူများကို အရေးပေါ်ကုသမှုများလုပ်ဆောင် နေကြောင်း သိရှိရသည်။
မနှစ်က အီရန်တွင် ငလျင်အကြိမ်ပေါင်းများစွာလှုပ်ခတ်ခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် အီရန်အနောက်ပိုင်းနယ်စပ်ဒေသ၌ ပြင်းအား ၇.၃ အဆင့်ရှိငလျင်လှုပ်ခတ်သောကြောင့် Kermanshah ပြည်နယ်အတွင်း သေဆုံးသူ ၄၇၀ ကျော် ရှိပြီး ဒဏ်ရာရသူ စုစုပေါင်း ၉၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။(Xinhua)