Africa & Middle East
ဆော်ဒီ ဗလီ အနီး အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့ဝင် ၄ ဦးသေ ၄ ဦး ဒဏ်ရာရရှိ
ရီယာ့ဒ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ မက်ဒီနာမြို့ရှိ တမန်တော် မိုဟာမက်ဗလီ အနီးတွင် ဇူလိုင်လ ၄ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ကာ အခြား ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း Al Arabiya ပြည်တွင်း သတင်းဋ္ဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
အသေခံ ဗုံးခွဲသမားသည် ရဲတပ်ဖွဲ့ဝင်များ ထမင်းစား နားနေစဉ် မက်ဒီနာမြို့ အနောက်ဘက် ဗလီအနီး အရေးပေါ် ရဲကား အများအပြား ရပ်ထားသည့် ကားပါကင်တွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အသေခံ ဗုံးခွဲသမားသည် ဗုံးဖောက်ကွဲမှု မပြုလုပ်ခင် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ထမင်းစားလိုကြောင်း ရဲတပ်ဖွဲ့ဝင်များအား ပြောခဲ့သည်။
ဆော်ဒီအာရေဗျ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန မှ တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အဆိုပါ ပေါက်ကွဲမှုသည် ဇူလိုင်လ ၄ ရက် တစ်ရက်တည်း၌ပင် ဆော်ဒီရှိ မြို့အသီးသီးတွင် ပေါက်ကွဲခဲ့သည့် ပေါက်ကွဲမှု များအနက် လေးကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၄ ရက် အစောပိုင်းတွင် Jeddah မြို့ရှိ ဆေးရုံ ကားပါကင်တစ်ခုတွင် အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးဝန်ထမ်း နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် Qatif မြို့ ရှိ ဗလီတစ်ခု အနားတွင် ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့သော်လည်း ဝတ်ပြုသူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။
အဆိုးဝါးဆုံး ပေါက်ကွဲမှုသည် မက်ဒီနာမြို့တွင် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲချိန်၌ ဗလီအတွင်း ဝတ်ပြုသူ ထောင်ပေါင်း များစွာရှိနေကြောင်းနှင့် ကြောက်လန့်နေသည့် ဝတ်ပြုသူများကြောင့် လူအုပ်ပြိုခြင်း မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua)