Africa & Middle East
တရုတ်နိုင်ငံက ဆီးရီးယားကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန် အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လှူဒါန်း
ဒမတ်စကပ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ဆီးရီးယားရုံးတို့ ဧပြီလ ၄ ရက်နေ့က သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြရာ ဆီးရီးယားအကျပ်အတည်းတွင် အရေးပေါ်အကူအညီ လိုအပ်နေသည့် မိသားစုများအတွက် စားနပ်ရိက္ခာ ဝယ်ယူထောက်ပံ့နိုင်ရန် တရုတ်နိုင်ငံမှ WFPအား အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လှူဒါန်းခဲ့သည်။
၎င်းလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချီချန်ကျင့်(Qi qianjin)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ဆီးရီးယားရုံး ကိုယ်စားလှယ် မစ္စတာ ဂျေကိုခရမ် တို့က ပါဝင်တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံအစိုးရက ယခုလို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှတစ်ဆင့် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ သည့် စစ်ဘေးဒုက္ခခံ ဆီးရီးယားပြည်သူများကို ပေးအပ်လှူဒါန်းခြင်းက ၎င်းတို့ကို တတ်အားသလောက် ကူညီ ထောက်ပံ့ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၊ နောင်အခါတွင်လည်း တရုတ်နိုင်ငံက ဆီးရီးယားအစိုးရနှင့်သော် လည်းကောင်း ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ပူးပေါင်း၍ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ချီချန်ကျင့်(Qi qian jin)က ၎င်းအခမ်းအနားတွင်ပြောကြားခဲ့သည်။
မစ္စတာ ဂျေကိုခရမ်ကလည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကိုယ်စား တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိ ကြောင်း၊ ယခုလို ကူညီထောက်ပံ့ခြင်းက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ဆီးရီးယား အကူအညီကို အားပေးကူညီခြင်းဖြစ်ကြောင်း ၊ ကူညီထောက်ပံ့ပေးသည့် စားနပ်ရိက္ခာများကို လိုအပ်သည့် ဆီးရီးယားပြည်သူ များ၏လက်ထဲသို့ အမြန်ဆုံးပေးဝေသွားမည်ဖြစ်ကြောင်း ဆိုပါသည်။
၂၀၁၁ခုနှစ် ဆီးရီးယားအကျပ်အတည်းဖြစ်ပွားကတည်းက တရုတ်အစိုးရက နည်းလမ်းပေါင်းစုံ၊ဘက်ပေါင်းစုံဖြင့် ဆီးရီးယားကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးခဲ့သည်။ ဆီးရီးယားနှင့်၎င်း၏ အိမ်နီးချင်း နိုင်ငံများရှိ အိုးမဲ့အိမ်မဲ့၊ဒုက္ခသည်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးသည့် လူသားချင်းစာနာထောက်ထားမှုစီမံကိန်းများလုပ်ဆောင်ရန် တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာကြက်ခြေနီအသင်း (ICRC) စသည့်နိုင်ငံတကာအဖွဲ့အစည်း များနှင့်ကူညီပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် သဘောတူလက်မှတ်ရေးထိုးထားသည်။ (Xinhua)