Africa & Middle East
ဟူသီလက်နက်ကိုင်များက ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် ဆော်ဒီက အီရန်ကို လက်တုံ့ပြန်မည်ဟု ဆို
ရီယာဒ့် ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ)
ယီမင် ဟူသီ လက်နက်ကိုင်များက ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် အီရန်ကို လက်တုံ့ပြန်သွားမည်ဟု ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Turki Al Maliki က မတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
Turki Al Maliki က ဟူသီလက်နက်ကိုင်များပစ်ခတ်ခဲ့သည့်ဒုံးကျည်ကို ကာကွယ်ဖျက်ဆီးခဲ့ရာတွင် ကြွင်းကျန် ခဲ့သည့်ဒုံးကျည်အပိုင်းအစများနှင့် ၎င်းအပိုင်းအစများတွင် အီရန် ပါရှားဘာသာစကားဖြင့် ရေးသားထားသည်ကို တွေ့ရှိရကြောင်း ရီယာ့ဒ် (Riyadh) တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်ပြသခဲ့ပါသည်။ အီရန်က ဟူသီ လက်နက်ကိုင်များကို ဒုံးကျည်ထောက်ပံ့ပေး၍ ဆော်ဒီအား တိုက်ခိုက်ပစ်ခတ်ခိုင်းခြင်းမှာ ထင်ရှားကြောင်း ၊ ဆော်ဒီအနေဖြင့် သင့်တော်သည့်အချိန်၊သင့်တော်သည့်နေရာတွင် အီရန်ကို တုံ့ပြန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း Turki Al Maliki က ဆိုသည်။
မတ်လ ၂၅ ရက်နေ့ ညပိုင်းက ဟူသီလက်နက်ကိုင်များ ဆော်ဒီနိုင်ငံ အတွင်းသို့ ဒုံးကျည် ၇ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၎င်းတို့အနက် ၃ စင်းမှာ ဆော်ဒီအာရေဗျ နိုင်ငံ မြို့တော် ရီယာ့ဒ် (Riyadh) ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခဲ့သည့် ဒုံးကျည်များကို ဆော်ဒီလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က တားဆီး နိုင်ခဲ့သော်လည်း ဒုံးကျည်တစ်စင်းကို ကာကွယ်ဖျက်ဆီးခဲ့ရာတွင် ဒုံးကျည်အပိုင်းအစများက လူနေအိမ်တစ်အိမ် သို့ ကျရောက်ခဲ့သောကြောင့် နေအိမ်အတွင်းရှိ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့ ယီမင်နိုင်ငံ၏မြို့တော် ဆာနား(Sana’a )ကို သိမ်းပိုက်ခဲ့ပြီးနောက် တောင်ပိုင်းဒေသကိုပါ ဆက်လက်သိမ်းပိုက်ခဲ့သဖြင့် ယီမင် သမ္မတ Hadi မှာ ဆော်ဒီအာ ရေဗျနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့သည် ဟူသီလက်နက်ကိုင်တို့အား တိုက်ခိုက်သည့် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ ဟူသီလက်နက်ကိုင်အဖွဲ့ ကလည်း ပြန်လည်လက်စားချေတုံ့ပြန်သည့်အနေဖြင့် ဆော်ဒီနိုင်ငံအတွင်းသို့ ယခုလို ဒုံးကျည်ဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ (Xinhua)