Connect with us

Africa & Middle East

အီရတ် ခေါင်းဆောင်များ နှင့်ဆွေးနွေးရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဘက္ကဒတ်မြို့သို့ရောက်လာ

အီရတ်သို့ ရောက်ရှိလာသော အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘက္ကဒတ် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး အက်ရှတန်ကာတာ (Ashton Carter) သည် အီရတ် ခေါင်းဆောင်များ နှင့်ဆွေးနွေးရန် ကြိုတင် သတင်းထုတ်ပြန်ထားခြင်း မရှိဘဲ ဇူလိုင်လ ၁၁ ရက်က ဘက္ကဒတ်မြို့သို့ရောက်ရှိလာကြောင်း သိရသည်။

အီရတ်နိုင်ငံ ဘက္ကဒတ်မြို့ မြောက်ဖက် ကီလိုမီတာ ၄ဝဝ အကွာရှိ မိုဆူးမြို့အား အိုင်အက်စ် အကြမ်းဖက်သမားများ လက်မှ အီရတ်တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်း နှင့် အီရတ် တပ်ဖွဲ့ဝင်များက နိုင်ငံအတွင်းရှိ အိုင်အက်စ် အကြမ်းဖက်သမားများအား တိုက်ပွဲများ ဆင်နွှဲလျက် ရှိနေစဉ်ကာလအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောက်ရှိလာခြင်း ဖြစ်သည်။
ဝန်ကြီးကာတာသည် အီရတ်နိုင်ငံတွင်းရှိ အိုင်အက်စ်များကို နှိမ်နင်းရာတွင် အီရတ်ခေါင်းဆောင်များ နှင့် အမေရိကန် စစ်ဖက်အရာရှိများ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားရန် မျှော်လင့်ထားသည်။
လွန်ခဲ့သော သုံးလခန့်( ဧပြီလအတွင်း) က အီရတ်နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေးနှင့် ပတ်သက်ပြီး အမေရိကန်၏ ကမ်းလှမ်းမှုအား အီရတ် ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် နောက်ပိုင်း အမေရိကန် နိုင်ငံဝန်ကြီး ကာတာ၏ ပထမဆုံးအကြိမ် အီရတ်နိုင်ငံသို့လာရောက်သော ခရီးစဉ် ဖြစ်ကြောင်း သိရသည်။
အီရတ်နိုင်ငံ၌ အိုင်အက်စ် အကြမ်းဖက်သမားများ သိမ်းပိုက်ထားသော နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ် နှင့် မြောက်ပိုင်း ဒေသများကို အီရတ်တပ်ဖွဲ့ဝင်များက ပြန်လည် သိမ်းပိုက်နိုင်ရန် အတွက် အမေရိကန် မရိမ်းတပ်သား ထောင်ပေါင်းများစွာသည် အီရတ်စစ်တပ်ကို စစ်ရေးလေ့ကျင့်သူများ နှင့် အကြံပေးများ အဖြစ် ဆောင်ရွက်လျက် ရှိသည်။
အီရတ်နိုင်ငံ၏ လုံခြုံရေးသည် အီရတ်တပ်ဖွဲ့ဝင်များနှင့် အိုင်အက်စ် စစ်သွေးကြွများ တိုက်ပွဲများ စတင်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇွန်လ မှ စတင်ကာ အဆိုးဝါးဆုံး အခြေအနေဖြင့် ကြုံတွေ့နေရသည်။
အိုင်အက်စ် အကြမ်းဖက်သမားများသည် နိုင်ငံမြောက်ပိုင်းရှိ မိုဆူးမြို့ကို သိမ်းယူခဲ့ပြီး နောက်ပိုင်းတွင် Nineveh နှင့် အခြား ဆွန်နီ မွတ်စလင်အများစု ရှိရာ ပြည်နယ်များကိုလည်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ အမေရိကန် ဦးဆောင်သော ညွှန့်ပေါင်း တပ်ဖွဲ့သည် အီရတ်နှင့် ဆီးရီးယားနိုင်ငံများရှိ အိုင်အက်စ် စစ်သွေးကြွများအား လေကြောင်း တိုက်ခိုက်မှုဖြင့် ချေမှုန်းလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.